CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီဟာ ၂၀၂၂ ခုနှစ်အတွက် ကျင်းပတဲ့ ဖီဖာရဲ့ အကောင်းဆုံး ဆုပေးပွဲမှာ အမျိုးသား အကောင်းဆုံး ကစားသမားဆုကို ဒုတိယအကြိမ်မြောက်အဖြစ် ရရှိသွားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီဆုကို ပီအက်စ်ဂျီအသင်းဖော် ဘတ်ပီနဲ့ ရီးရယ်လ်တိုက်စစ်မှူး ဘန်ဇီမာ တို့ကို မဲအသာရပြီး ရရှိသွားခဲ့တာပါ။

ဒီဆုကို အားပေးတဲ့သူတွေ၊ လက်ရွေးစင် အသင်းခေါင်းဆောင်တွေ၊ လက်ရွေးစင် အသင်းနည်းပြတွေနဲ့ နိုင်ငံ အသီးသီးမှာရှိတဲ့ ဂျာနယ်လစ် ၃၀၀ တို့က မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီက ၅၂ မှတ်နဲ့ ပထမ၊ ဘတ်ပီက ၄၄ မှတ်နဲ့ ဒုတိယ၊ ဘန်ဇီမာက ၃၄ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ ကြတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ မက်ဆီ ဟာ ၂၀၂၁-၂၂ ရာသီမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် ၄၉ ပွဲ ပါဝင်ကစားပြီး ၂၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာ ဒီဆုကို ၂၀၁၉ ခုနှစ်က ပထမအကြိမ် ရရှိထားတာကြောင့် အခုတစ်ကြိမ်ဟာ ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။

 ဖီဖာအကောင်းဆုံး အမျိုးသမီးဆုရ ကစားသမားကိုတွေ့ရစဉ်

မက်ဆီက “ဒါဟာ အံ့သြစရာ ကောင်းပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ဒီမှာ ရှိနေရတာနဲ့ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျနော့် အသင်းဖော်တွေသာ မရှိရင် ကျနော်လည်း ဒီနေရာမှာ ရှိနေမှာ မဟုတ်ပါဘူး။ ကျနော်ဟာ မျှော်လင့်ထားတာကြာပြီဖြစ်တဲ့ အိပ်မက်ကိုလည်း အောင်မြင်ခဲ့ပါတယ်။ ဒါကို အောင်မြင်အောင် လုပ်နိုင်တဲ့သူက အလွန်နည်းပါးပြီး ဒီလိုလုပ်နိုင်ခဲ့တဲ့အတွက် ကျနော်ကံကောင်းပါတယ်”လို့ ဆုယူ အပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တဲ့ နည်းပြ စကာလိုနီက အကောင်းဆုံးနည်းပြဆု၊ ဂိုးသမား ဖြစ်သူ မာတီးနတ်ဇ်က အကောင်းဆုံး ဂိုးသမားဆုကို ရယူနိုင်ခဲ့တာပါ။

အမျိုးသမီး အကောင်းဆုံးဆုတွေဖြစ်တဲ့ ကစားသမားဆုကို ဘာစီလိုနာအသင်းက ပူတယ်လက်စ်က ရရှိခဲ့ပြီး နည်းပြဆုကို အင်္ဂလန်အသင်းနည်းပြ ဝီဂ်မန်းက ရရှိခဲ့ပါတယ်။ ဂိုးသမားဆုကိုတော့ အင်္ဂလန်ဂိုးသမား မာရီအာ့ပ်စ်က ရရှိခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး သွင်းဂိုးဆုဖြစ်တဲ့ ပွတ်စ်ကတ်ဆုကို လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တဲ့ မသန်စွမ်း ဘောလုံးသမား အိုလက်ဆီရဲ့ သွင်းဂိုးက ရရှိသွားခဲ့တာပါ။

ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားအသင်းမှာတော့ ကော့တွိုက်စ်၊ ဟာကီမီ၊ ဗန်ဒိုက်၊ ကန်ဆယ်လို၊ ဒီဘရိုင်း၊ မိုဒရစ်၊ ကတ်စမဲရိုး၊ မက်ဆီ၊ ဟာလန်း၊ ဘန်ဇီမာနဲ့ ဘတ်ပီတို့ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

Source: BBC