CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၉

အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီဟာ ၂၀၂၃ အတွက် ချီးမြှင့်တဲ့ Laureus အကောင်းဆုံး အားကစားဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား အားကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

မက်ဆီဟာ ဒီဆုပေးပွဲ အခမ်းအနားကို ဇနီးဖြစ်သူ အန်တိုနယ်လာနဲ့အတူ တက်ရောက်လာခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Laureus ဆုဟာ ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ အားကစားသမားတွေထဲကနေ ရွေးချယ်ပေးအပ်တာဖြစ်ပြီး ဂုဏ်သိက္ခာ ကြီးမားတဲ့ဆုလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၂၀ ကလည်း ဒီဆုကို ရယူထားနိုင်ခဲ့လို့ အခု အကြိမ် ရယူနိုင်မှုဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ Laureus အကောင်းဆုံး အမျိုးသား အားကစားသမားဆုကို ရရှိတဲ့ တစ်ဦးတည်းသော ဘောလုံးသမားအဖြစ်လည်း မှတ်တမ်း ဝင်ထားတာ ဖြစ်ပါတယ်။

မက်ဆီရဲ့ အာဂျင်တီးနား အသင်းကလည်း ဒီဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံးအသင်းဆုကို ရရှိခဲ့တာကြောင့် ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ တစ်နှစ်ထဲမှာ အသင်းလိုက်ဆုနဲ့ တစ်ဦးချင်းဆုကို ရရှိတဲ့ ပထမဆုံး အားကစားသမား လည်း ဖြစ်ခဲ့ပါတယ်။

မက်ဆီက “ဒါက အထူး ဂုဏ်ယူစရာပါပဲ။ ဒီဆုအတွက် လက်ရွေးစင် အသင်းဖော်တွေတင် မဟုတ်ဘဲ ပီအက်စ်ဂျီ အသင်း ဖော်တွေကိုလည်း ကျနော် ကျေးဇူးတင်ပါတယ်။ ကျနော် တစ်ဦးတည်းနဲ့တော့ ဒီလိုအောင်မြင်မှုကို ရမှာ မဟုတ်ပါဘူး။ သူတို့နဲ့ အရာအားလုံးကို မျှဝေပေးနိုင်တာကို ကျေးဇူးတင်မိပါတယ်”လို့ ဆုယူအပြီးမှာ ပြောခဲ့ပါတယ်။

အန်ဒါဆန်ကိုတွေ့ရစဉ်

မက်ဆီဟာ မကြာသေးခင်က အသင်းရဲ့ ခွင့်ပြုချက်မရဘဲ ဆော်ဒီ ခရီးစဉ် သွားရောက်ခဲ့လို့ ပီအက်စ်ဂျီအသင်းရဲ့ ၂ ပတ်ကြာ ဆိုင်းငံ့တဲ့ အရေးယူခြင်းခံရသလို ဒီကာလအတွင်းမှာ ရရှိမယ့် လုပ်အားခတွေကိုလည်း ဒဏ်ကြေးအဖြစ် ချမှတ်ခံခဲ့ ရပါတယ်။

ဒါပေမယ့် မက်ဆီဟာ အသင်းနဲ့ အသင်းဖော်တွေကို တောင်းပန်ပြီးနောက် ပီအက်စ်ဂျီအသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်ကာ လာမယ့်ပွဲစဉ်ဖြစ်တဲ့ အေဂျက်စီယိုနဲ့ပွဲမှာ ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေတာပါ။

ဒီဆုပေးပွဲမှာ အခြားဆုတွေဖြစ်တဲ့ အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကို ဂျမေကာ အပြေးမယ် ရှယ်လီအန်းဖရေဆာပရိုက်စ်က ရရှိခဲ့ပြီး၊ အတိုးတက်ဆုံး အားကစားသမားဆုကို စပိန်တင်းနစ်သမား ကားလို့စ် အယ်လ်ကာရတ်ဇ်က ရရှိခဲ့ပါတယ်။

အနားယူနိုင်တဲ့ အခြေအနေကနေ ပြန်လာနိုင်တဲ့ဆုကို ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆန်က ရရှိခဲ့တာ ဖြစ်ပါတယ်။

Source: BBC