CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၄

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြသစ် အဲရစ်တန်ဟတ်နဲ့ လာမယ့်ရာသီ ဆုဖလားတွေ ရယူမယ်လို့ ပြောလိုက်ပြီး အသင်းမှာ ဆက်ရှိမယ့် အရိပ်အမြွက် ချပြလိုက်ပါတယ်။

အဲရစ်တန်ဟတ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်မှာဖြစ်ပြီး ရော်နယ်ဒို ရဲ့ အနာဂတ်ကလည်း မတည်မငြိမ် ဖြစ်နေတာပါ။

ရော်နယ်ဒို ကတော့ အဲရစ်တန်ဟတ် သာ သူ့ကို အလိုရှိတယ်ဆိုရင် မန်ချက်စတာယူနိုက်တက်မှာ ဆက်ရှိမယ်လို့ အသင်းဖော်တွေကို ပြောထားတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ ဆုဖလားလက်မဲ့ ရာသီကို ၅ ရာသီမြောက်အဖြစ် ဖြတ်သန်းခဲ့ရတာပါ။ ဒါ့အပြင် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်လည်း ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ကတော့ မန်ချက်စတာယူနိုက်တက် အကြီးအကဲတွေ အနေနဲ့ နည်းပြသစ် အဲရစ်တန်ဟတ် ကို အချိန်ပေးဖို့ ပြောထားခဲ့ပါတယ်။ နယ်သာလန်လူမျိုး အဲရစ်တန်ဟတ် ဟာ အေဂျတ်စ် အသင်းကို အမှတ်ပေးလိဂ် ၃ ကြိမ်၊ ဖလား ၂ ကြိမ်နဲ့ ဂျိုဟန်ခရိုက်ဖ် ဒိုင်း ၁ ကြိမ် ရရှိအောင် ကိုင်တွယ်ထားခဲ့တာပါ။

အဲရစ်တန်ဟတ်နဲ့ ရော်နယ်ဒို(Daily Express)

ရော်နယ်ဒို က “ အဲရစ်တန်ဟတ် ကို နည်းပြအဖြစ် ခန့်အပ်လို့ ကစားသမားတွေ သာမကဘဲ ပရိသတ်တွေရော ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေကြပါတယ်။ ကျနော်ကတော့ သူ့ကို အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးချင်ပါတယ်၊ လာမယ့်နှစ်မှာ ကျနော်တို့ ဆုဖလားတွေ ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်။ သူဟာ အေဂျတ်စ်အသင်းအတွက် ကောင်းမွန်စွာ လုပ်ပေးနိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ကျနော်သိပြီး အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးပါ။ ဒါပေမယ့် ကျနော်တို့ သူ့ကို အချိန်ပေးဖို့တော့ လိုပါတယ်။ သူလိုချင်တဲ့ ပုံစံအတိုင်းလည်း ပြောင်းလဲဖို့ လိုပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူထားပြီး ဒီရာသီ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလည်း ၂ ကြိမ်ရယူထားတာပါ။ ရော်နယ်ဒို နဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်ရာသီသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို ရဲ့ အကြီးဆုံးသားဖြစ်သူ ဂျုနီယာ ဟာ ယူနိုက်တက် အကယ်ဒမီမှာ အခြေချနေပြီ ဖြစ်တဲ့အတွက် ကစားသမား ဟာ ဗြိတိန်မှာပဲ ဆက်နေဖို့ စိတ်အားထက်သန် နေတယ်လို့လည်း သိရပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့် အပတ်မှာ နောက်ဆုံးပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

Source: The Sun