CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၄

မြန်မာယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ် က ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ဖို့အတွက် အင်ဒိုနီးရှားနဲ့ပွဲမှာ အကောင်းဆုံး ထပ်ကြိုးစားသွားဖို့ပဲ ရှိတယ်လို့ ပြောလိုက်ပါတယ်။

မြန်မာ အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စု တတိယပွဲစဉ်အဖြစ် အိမ်ရှင် ဗီယက်နမ် အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုး မရှိနဲ့ အရေးနိမ့် သွားခဲ့တာပါ။ မြန်မာ အသင်းဟာ ဒီပွဲမှာ ကစားကွက် အနည်းငယ် အပြောင်းအလဲလုပ်ပြီး နောက်တန်း ၅ ယောက် ပုံစံနဲ့ ဗီယက်နမ် အသင်းကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိ သရေကျခဲ့တဲ့အတွက် ဒုတိယပိုင်းမှာ ဗီယက်နမ် အသင်းဟာ ဂိုးရဖို့ ပိုပြီးတိုက်စစ် ဆင်လာခဲ့တာပါ။ အဲ့ဒါ ကြောင့် ပွဲချိန် ၇၆ မိနစ်မှာ ဗီယက်နမ်အသင်း အနိုင်ဂိုးရခဲ့ပြီး ဒိုဟွန်ဒေါင်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ အသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးမသွင်း နိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ ၁ ဂိုး- ဂိုး မရှိနဲ့ အရေးနိမ့် သွားခဲ့တာ ပါ။

မြန်မာအသင်းနည်းပြ ပိုပေါ့ဗ်(MFF)

မြန်မာ အသင်းနည်းပြချုပ် ပိုပေါ့ဗ် က “ ပြိုင်ပွဲရဲ့ အတောင့်တင်းဆုံး အသင်းဖြစ်တဲ့ အိမ်ရှင် ဗီယက်နမ်နဲ့ တွေ့ဆုံတဲ့ပွဲမှာ ပွဲချိန်ပြည့် အကောင်းဆုံး ယှဉ်ပြိုင်ကစားနိုင်ခဲ့တဲ့အတွက် ကစားသမားတွေ အားလုံးကို ချီးကျူးချင်ပါတယ်။ ပွဲမတိုင်ခင် ချမှတ် ထားတဲ့ နည်းဗျူဟာနဲ့အတိုင်း ကစားနိုင်ခဲ့လို့ ကျေနပ်ပါတယ်။ တစ်ပွဲလုံးမှာ အမှား နှစ်ကြိမ်ပဲ လုပ်ခဲ့ပြီး တစ်ဂိုးပေး လိုက်ရပါ တယ်။ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ပွဲမှာ အကောင်းဆုံး ထပ်ကြိုးစားသွားဖို့ပဲ ရှိပါတယ်။ ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်အောင် အကောင်းဆုံး ပြင်ဆင်ပြီး ရလဒ်ကောင်း ရရှိအောင် ကြိုးစားသွားမှာပါ”လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာ အသင်းဟာ ဒီပွဲ အရှုံးကြောင့် အုပ်စုပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၆ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။ အိမ်ရှင် ဗီယက်နမ် အသင်းက ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံး ၊ အင်ဒိုနီးရှား အသင်းက ရမှတ် ၆ မှတ် ဂိုး ကွာခြားချက် အသာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

မြန်မာ အသင်းဟာ အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် မေလ ၁၅ ရက်မှာ အင်ဒိုနီးရှား အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲဟာ နှစ်သင်း လုံးအတွက် ဆီမီးဖိုင်နယ်တက်ဖို့ အဆုံးအဖြတ် ပွဲစဉ်လည်း ဖြစ်ပါတယ်။ မြန်မာ အသင်းအနေနဲ့ နောက်တစ်ဆင့် တက်ဖို့ဆို ရင် ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာပါ။ အိမ်ရှင် ဗီယက်နမ် အသင်းကတော့ တီမော အသင်းနဲ့ ကစားရမှာ ဖြစ်လို့ နောက်တစ်ဆင့်တက်ဖို့ သေချာနေတာလည်း ဖြစ်ပါတယ်။