CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၄

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု A ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်ဒိုနီးရှား အသင်းနဲ့ မြန်မာအသင်းတို့ပွဲမှာ အင်ဒိုနီးရှားအသင်းက ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

အင်ဒိုနီးရှားအသင်းဟာ ပွဲစကတည်းက မြန်မာအသင်းဘက်ကို ဂိုးရဖို့ ဆက်တိုက်ဆိုသလို တိုက်စစ် ဆင်ခဲ့တာ ဖြစ်ပြီး ပွဲချိန်မိနစ် ၂၀ မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

အဲဒီနောက်မှာလည်း အင်ဒိုနီးရှားအသင်းကပဲ မြန်မာအသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက် ကန်သွင်းမှု အသာနဲ့ ဆက်လက် ဖိအားပေးခဲ့လို့ ပွဲချိန် ၃၁ မိနစ်မှာ ပင်နယ်တီကနေ ဒုတိယ ဦးဆောင်ဂိုး ထပ်ပြီး သွင်းယူခဲ့ တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ပထမပိုင်းအပြီးမှာ အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အင်ဒိုနီးရှား အသင်းကပဲ ဂိုးသွင်းခွင့်တွေ အများကြီး ရယူခဲ့ကာ ပွဲချိန် ၆၀ နဲ့ ၇၅ မိနစ်မှာ နောက်ထပ် သွင်းဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းကတော့ ရံဖန်ရံခါသာ တိုက်စစ်ဆင်နိုင်ခဲ့ပြီး တစ်ပွဲလုံးနီးပါး ခံစစ်မှာသာ ကစားနေခဲ့ရတာပါ။

အဲဒီနောက်ပိုင်းမှာ အင်ဒိုနီးရှားအသင်းက နောက်တစ်ဂိုး ထပ်သွင်းယူခဲ့လို့ ပွဲအပြီးမှာ အင်ဒိုနီးရှားအသင်းက ၅ ဂိုး- ဂိုးမရှိနဲ့ မြန်မာအသင်းကို ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စုပွဲစဉ် ၂ ပွဲ ကစားပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ် ထွက်ပေါ်ထားပြီး အုပ်စုတတိယ ပွဲစဉ်အဖြစ် မေလ ၇ ရက်မှာ အိမ်ရှင် ကမ္ဘောဒီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။