CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၈

မြန်မာအသင်းဟာ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဖြစ် ဧပြီ ၈ ရက် နေ့လယ်ပိုင်းက အင်ဒိုနီးရှား အသင်း နဲ့ ကစားခဲ့တာမှာ ၆ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးရဖို့ အပြန်အလှန်ရှိခဲ့ပြီး အင်ဒိုနီးရှား အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ပထမပိုင်းမှာ မြန်မာ အသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် အင်ဒိုနီးရှား ဂိုးသမား ပုတ်ထုတ်ခဲ့တာကြောင့် ချေပဂိုးရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အင်ဒိုနီးရှား အသင်းဟာ မြန်မာအသင်းဘက်ကို နောက်ထပ် ၅ ဂိုး သွင်းယူခဲ့ပြန်တာပါ။ မြန်မာ အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို လှိုင်မင်းထွန်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာ အသင်းဟာ ဒီပွဲရှုံးနိမ့်ခဲ့တာကြောင့် အာရှဖူဆယ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲ အောင်ချင်တယ်ဆိုရင် တတိယနေရာ လုပွဲ အဖြစ် ကစားရမယ့်ပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတာပါ။

မြန်မာအသင်း နည်းပြ(MFF)

မြန်မာအသင်းနည်းပြ ဘန်လာတ့်ချီယိုဝါရမ်က “အင်ဒိုနီးရှား အသင်းနဲ့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ သူတို့ အသင်း အနေနဲ့ နည်းစနစ်၊ နည်းဗျုဟာ ကြွယ်ဝစွာ ကစားနိုင်ခဲ့ပါတယ်။ ကျနော့် ကစားသမားတွေလည်း အကောင်းဆုံး ကြိုးစားကစားခဲ့ ကြပါတယ်။ အာရှခြေစစ်ပွဲ အောင်ဖို့အတွက် ဒီပြိုင်ပွဲမှာ တတိယရဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်။ ဒီပွဲရဲ့ အမှားတွေကို သေချာပြန်လည် သုံးသပ်ပြီး တတိယလုပွဲအတွက် ပြင်ဆင်သွားမယ်”လို့ ပြောခဲ့ပါတယ်။

မြန်မာ အသင်းကို အနိုင်ရခဲ့တဲ့ အင်ဒိုနီးရှား အသင်းကတော့ အခုနှစ်ထဲ ကျင်းပမယ့် အာရှဖူဆယ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။