CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က သူတို့ဟာ မန်စီးတီးနဲ့ ကစားရမှာဖြစ်ပြီး ဟာလန်းတစ်ဦးတည်းနဲ့ မဟုတ် ဘူးလို့ မန်ချက်စတာဒါဘီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့က မန်စီးတီးနဲ့ ကစားရမှာ၊ဟာလန်းနဲ့ မဟုတ်ပါဘူး။ကျနော်တို့ရဲ့ စွမ်းဆောင်ရည် ကို ယုံကြည်ပါတယ်။အသင်းလိုက်စွမ်းဆောင်နိုင်ရင် ပြိုင်ဘက်တွေကို အနိုင်ယူလို့ ရပါတယ်။အဲဒါက ကျနော်တို့ လိုအပ်နေတဲ့ ယုံကြည်မှုဖြစ်ပြီး တနင်္ဂနွေနေ့မှာ ဒါမျိုးကို ပိုပြီးလိုအပ်ပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ တာပါ။

ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ၇ ပွဲအထိ ကစားအပြီးမှာ ၁၁ ဂိုးအထိ သွင်းယူထားကာ စွမ်းဆောင် ရည်ကောင်းတွေကို ပြသနေတာဖြစ်ပေမယ့် နည်းပြကတော့ နော်ဝေတိုက်စစ်မှူးထက် တစ်သင်းလုံးကို အာရုံ စိုက်သွားမှာလို့ ပြောခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည် နေတဲ့ ယူနိုက်တက်အသင်းဟာ အဆင့် ၂ နေရာက မန်စီးတီးထက် ၁ ပွဲလျော့ကစားထားပြီး ရမှတ် ၅ မှတ် ကွာဟ နေတာပါ။နယ်သာလန်လူမျိုးနည်းပြ အဲရစ်တန်ဟတ်အတွက်တော့ ပထမဆုံးမန်ချက်စတာဒါဘီပွဲစဉ်ကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်ဒါဘီပွဲစဉ်တွေ အများကြီးကို ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ဒီပွဲတွေက ဘယ်လိုမျိုးလဲဆိုတာ ကျနော်ကောင်းကောင်းသိပါတယ်။ဒီပွဲက မန်ချက်စတာဧရိယာမှာ အရေးကြီးဆုံးပွဲဆိုတာလည်း သိပါတယ်။ဒီပွဲက ကျနော့်ကို စိတ်လှုပ်ရှားစေပါတယ်။ဒီပွဲကို အနိုင်ရဖို့အတွက် ကျနော်တို့ အရာအားလုံးကို လုပ်ဆောင်ရမှာပါ” လို့ ပြောခဲ့တာပါ။

ဒီပွဲမှာ ယူနိုက်တက်အသင်းဘက်က အသင်းခေါင်းဆောင် မက်ဂွဲယားဟာ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ် ပေမယ့် ရက်ရှ်ဖိုဒ့်နဲ့ မာရှယ်တို့က အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောပါတယ်။ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်လက်ထက် ပထမဆုံး ပရီးမီးယားလိဂ် ၂ ပွဲမှာ အရေးနိမ့် ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ ၄ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။

အဲဒါကြောင့် အဲရစ်တန်ဟတ်ဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရယူနိုင်ခဲ့ပါတယ်။တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ကလည်း ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ပွဲတွေမှာ ၂ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးခဲ့လို့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

Source:Eurosport