CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၄

စပိန်နာမည်ကျော် တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်လ် ဟာ သူ့ရဲ့ ကစားသမားဘဝကို အနှောက်အယှက် ပေးနေတဲ့ ခြေဖဝါးဒဏ်ရာကြောင့် မကြာခင်အချိန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိတယ်လို့ ပြောလိုက်ပါတယ်။

ဂရမ်းဆလမ်း ချန်ပီယံဆုကို (၂၁)ကြိမ် ရရှိထားတဲ့ ရာဖေးလ်နာဒယ်လ် ဟာ ကနေဒါ တင်းနစ်ကစားသမား ရှာပိုဗာလော့ဗ် ကို အရေးနိမ့်ပြီး Rome Masters ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

ရာဖေးလ်နာဒယ်လ် ဟာ ဒီပွဲစဉ်မှာ ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့တာကို တွေ့ခဲ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ဒီပြိုင်ပွဲမှာ တတိယအဆင့်ကနေ ထွက်ခွာခဲ့ရတာဟာ ၂၀၀၈ နောက်ပိုင်း အစောဆုံး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရာဖေးလ်နာဒယ်လ် ဟာ အခုလကုန်ပိုင်းမှာ ကျင်းပမယ့် ပြင်သစ်အိုးပန်းပြိုင်ပွဲ မတိုင်ခင် ဆုဖလား မရယူနိုင်ဘဲ သွားရတော့မှာ ဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်လ် က “ ကျနော် ဘယ်လောက်ကြာကြာ ဆက်သွားနေနိုင်မလဲ၊ ဒါမှမဟုတ် ကျနော့်ခေါင်းထဲက ကျနော့်ကို တခြားနည်းနဲ့ မပြောမချင်း ဆက်ကြည့်ကြတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ကျနော့်ရဲ့ နေ့ရက်တွေက ဒီလိုဖြစ်နေပြီဆိုတာကို လက်ခံရတော့မှာပါ။ တင်းနစ်အကြောင်းပဲ တွေးနေရုံနဲ့ ဆက်မသွားနိုင်လို့ ခေါင်းက ရပ်ခိုင်းမယ့် အခိုက်အတန့်တော့ ရှိပါလိမ့် မယ်။ ဒါပေမယ့် သာမန်ဘဝအကြောင်းပဲ တွေးနေပါတယ်။ ဒါက ကျနော့်ရဲ့ အဖြစ်မှန်ပါ။ နေ့တိုင်း နာကျင်နေရတာ ကျနော့် အတွက် ခက်ခဲပါတယ်။ ကျနော်ဟာ ပျော်ရွှင်အောင် ကစားပြီး ကစားရတာလည်း ပျော်ရွှင်ပေမယ့် တစ်ခါတစ်လေ နာကျင်မှု က ပျော်ရွှင်တာကို ပျောက်စေတယ် ”လို့ ပြောခဲ့ပါတယ်။

ဆုဖလားနဲ့အတူ ရာဖေးလ်နာဒယ်လ်ကိုတွေ့ရစဉ်(Republic World)

ရာဖေးလ်နာဒယ်လ် ဟာ အခုနှစ် အစပိုင်းက သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပြီး ဂရမ်းစလမ်း ဆုဖလား အများဆုံးရတဲ့ ကစားသမားအဖြစ် ဖက်ဒဲရားနဲ့ ဂျိုကိုဗစ် တို့ကို ကျော်ဖြတ်ကာ စံချိန်တင်နိုင်ခဲ့တာပါ။

သြစတြေးလျ အိုးပန်းမှာ ချန်ပီယံဖြစ်ပြီး ကတည်းက အသက် ၃၆ နှစ်အရွယ်ရှိ ကစားသမားဟာ ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ သူဟာ Rome Masters ပြိုင်ပွဲ မတိုင်ခင် မက်ဒရစ် အိုးပန်းက ထွက်ခွာခဲ့ရသလို ဘာစီလိုနာ အိုးပန်းမှာလည်း မပါဝင်နိုင်ခဲ့တာပါ။ရာဖေးလ်နာဒယ်လ် ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ချန်ပီယံဆုကို (၁၄)ကြိမ်မြောက် ရယူနိုင်မယ်လို့ ယုံကြည်နေတာ လည်း ဖြစ်ပါတယ်။

ရာဖေးလ်နာဒယ်လ်က “ ရည်မှန်းချက် ပန်းတိုင်တွေက ရှိနေဆဲဖြစ်ပြီး ဆက်ပြီးလည်း အိမ်မက်တွေ မက်နေပါတယ်။ နှစ်ရက် အတွင်းမှာ ကျနော့် ခြေထောက်ပေါ်မှာရှိတဲ့ အရာတွေက ပိုပြီးကောင်းလာနိုင်ပါတယ်။ ပြင်သစ်အိုးပန်းပြိုင်ပွဲ အတွင်းမှာ ဆရာဝန်နဲ့ သွားပြမယ်ဆိုတာ အမှန်တရားပါပဲ။ အဲ့ဒါက တစ်ခါတစ်လေ အကူအညီပေးပါတယ် ”လို့ ပြောခဲ့ပါတယ်။

Source: Metro