CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

ပြင်သစ်အိုးပန်းဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာကြောင့်ဆက်မပြိုင်နိုင်တော့တဲ့ ဇက်ဗာရက်ဗ်အတွက် အလွန် စိတ်မကောင်း ဖြစ်မိတယ်လို့ နာဒယ်လ်က ပြောလိုက်ပါတယ်။

ဇက်ဗာရက်ဗ်ဟာ ဒီပြိုင်ပွဲရဲ့ ဒုတိယပွဲစဉ်ပြီးဆုံးခါနီးမှာ ညာဘက်ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကွင်းထဲလဲကျ သွားခဲ့ပြီး နာကျင်နေတဲ့အတွက် အော်ဟစ်နေခဲ့တာပါ။ဇက်ဗာရက်ဗ်ဟာ ဒဏ်ရာကြောင့် ဘီးတပ်ကုလားထိုင်နဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တင်းနစ်ကစားသမားဟာ ချိုင်းထောက်နဲ့ ကွင်းထဲပြန်ဝင်လာခဲ့ပြီး သူဆက်မကစားနိုင်တော့ကြောင်း ဒိုင်လူကြီးနဲ့ နာဒယ်လ်ကို အချက်ပြခဲ့တာပါ။ နာဒယ်လ် ဟာ ဇက်ဗာရက်ဗ်ကို ပွေ့ဖက်ပြီး နှုတ်ဆက်နေခဲ့တာဖြစ်ပါတယ်။

စပိန်တင်းနစ်ကစားသမားဟာ ဒီအဖြစ်အပျက်မတိုင်ခင်ကတည်းက ၇- ၆၊ ၆- ၆ နဲ့ ဦးဆောင်နေခဲ့တာပါ။ ဇက်ဗာရက်ဗ် ဆက်မကစားနိုင်တော့တဲ့အတွက် နာဒယ်လ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲဗိုလ်လုပွဲကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နာဒယ်လ်က “ဇက်ဗာရက်ဗ်အတွက် အလွန်ခက်ခဲပြီး အလွန်ဝမ်းနည်းမိပါတယ်။သူဟာ ဒီပြိုင်ပွဲမှာ မယုံနိုင်စရာ ကောင်းမွန်အောင် ကစားနိုင်ခဲ့တာပါ။ဂရမ်းဆလမ်းဆုဖလားရဖို့ သူဘယ်လောက် ကြိုးစားနေလဲဆိုတာ ကျနော် သိပါတယ်။

အခုအချိန်မှာတော့ သူကံမကောင်းခဲ့ပါဘူး။သူ အကောင်းမွန်ဆုံးနဲ့ အမြန်ဆုံးပြန်လည်နာလန်ထူနိုင်ဖို့ ဆုတောင်းပေးပါတယ်” လို့ ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

နာဒယ်လ်ဟာ ဗိုလ်လုပွဲမှာ မာရင်ဆီလစ်ကို အနိုင်ရခဲ့တဲ့ ကတ်စပါရုဒ်နဲ့ ယှဉ်ပြိုင်ရမှာပါ။နာဒယ်လ်အတွက်တော့ ပြင်သစ်အိုးပန်း ချန်ပီယံဆု ၁၄ ကြိမ်နဲ့ ဂရမ်းဆလမ်းဆုဖလား ၂၂ ကြိမ်မြောက် ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ပြည့်ဖို့ နီးစပ်လာခဲ့တာလည်းဖြစ်ပါတယ်။

Source:Metro