CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၄

အာရှဖလား ၂၀၂၃ နောက်ဆုံးအဆင့် ပွဲစဉ်တွေယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းကို နည်းပြချုပ် အန်တွမ်နီဟေးက ဇွန်လ ၃ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းမှာ ကစားသမား ၂၃ ဦးကို ရွေးချယ်ထားတာပါ။လက်ရွေးစင် အသင်းကို ပဏာမ ကစားသမား ၂၇ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံမှာ ဟောင်ကောင်၊ ဘာရိန်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဟောင်ကောင်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ဘာရိန်းအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ဒီပွဲတွေအပြီးမှာတော့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ အပြီးသတ်လူစာရင်းမှာတော့ ဂိုးသမားတွေအဖြစ် ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးသူနဲ့ ထွန်းနန္ဒဦး၊ နောက်တန်းမှာ ဒေးဗစ်ထန်း၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ကျော်ဇင်လွင် ၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ ရဲမင်းသူနဲ့ ဝင်းမိုးကျော်တို့ ပါဝင်ခဲ့တာပါ။

အလယ်တန်းမှာတော့ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့်၊ မောင်မောင်လွင်၊ ဆမ်လန်မန်၊ ဇော်ဝင်းသိန်းနဲ့ အောင်နိုင်ဝင်း၊ ရှေ့တန်းမှာ ဝင်းနိုင်ထွန်း၊ သန်းပိုင်နဲ့ အောင်ကောင်းမာန်တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာရှဖလား ခြေစစ်ပွဲ နောက်ဆုံးအဆင့်ပွဲစဉ်တွေအဖြစ် အုပ်စု F မှာ အိမ်ရှင် ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ စင်ကာပူ အသင်းတို့နဲ့ ကျရောက်နေတာပါ။ဒီခြေစစ်ပွဲမှာ အုပ်စုတွင်း ပထမနဲ့ ဒုတိယ ရရှိမယ် ဆိုရင် ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိမှာလည်းဖြစ်ပါတယ်။

မြန်မာအသင်း ဟာ ဇွန်လ ၈ ရက်မှာ တာဂျီကစ္စတန်၊ ၁၁ ရက်မှာ အိမ်ရှင် ကာဂျစ္စတန်နဲ့ ၁၄ ရက်မှာ စင်ကာပူအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ သမိုင်းတစ်လျှောက် ၁၉၆၈ က အီရန်မှာ ကျင်းပခဲ့တဲ့ အာရှဖလားပြိုင်ပွဲ တစ်ကြိမ်တည်းသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တာပါ။အဲဒီတုန်းက မြန်မာအသင်းဟာ အစ္စရေးနဲ့ ဟောင်ကောင်ကို အနိုင်ရခဲ့ကာ တရုတ်နဲ့ သရေဖြစ်ပြီး၊ အီရန်ကို အရေးနိမ့်ကာ ဒုတိယရရှိခဲ့တာလည်းဖြစ်ပါတယ်။