CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၁၄

ဆေးခြောက်ဆီတွေ့ရှိခဲ့မှုနဲ့ စွဲချက်တင်ထိန်းသိမ်းခံထားရတဲ့ အမေရိကန် အမျိုးသမီးဘတ်စကတ်ဘော ကြယ်ပွင့် ဘရစ်တနီ ဂရိုင်နာရဲ့ အမှုကို ပြင်ဆင်နိုင်ရန်အတွက် ၎င်းအား ထိန်းသိမ်းထားခြင်းကို ရုရှားက တစ်လ သက်တမ်းတိုးခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဂရိုင်နာဟာ ရုရှားမှာ ကစားပြီးနောက် အမေရိကန်ကို ပြန်လာချိန် မော်စကိုလေဆိပ် တာဝန်ရှိသူတွေက သူမရဲ့ ခရီးဆောင်အိတ်ထဲတွင် ဆေးခြောက်ဆီ တွေ့ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလ ကတည်းက ၎င်းအားဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။အမေရိကန် တာဝန်ရှိသူတွေကတော့ ဘရစ်တနီ ဂရိုင်နာကို ရုရှားဘက်မှ မတရားဖမ်းဆီးထားတာဖြစ်ပြီး လွှတ်ပေးသင့်တယ်လို့ ပြောဆိုထားပါတယ်။သူမဟာ ကမ္ဘာ့ အကောင်းဆုံး အမျိုးသမီး ကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူပါ။

ဘရစ်တနီ ဂရိုင်နာအနေနဲ့ ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်တာဖြစ်ပါတယ်။ AP ရဲ့ ဓါတ်ပုံမှာ ဂရိုင်နာဟာ မော်စကိုမြို့ အပြင်ဘက်ရှိ ခိမ်ကီမြို့မှာ ပြုလုပ်ခဲ့တဲ့ တရားရုံးကြားနာမှုမှာ လိမ္မော် ရောင် ခေါင်းစွပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ခေါင်းကို ငုံနေတာတွေ့ခဲ့ရတာပါ။

ကောင်စစ်ဝန်အရာရှိဟာ တရားရုံး ကြားနာမှုကို တက်ရောက်ခဲ့ပြီး သူမနဲ့ စကားပြောဆိုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန က ပြောခဲ့တာ ဖြစ်ပါတယ်။ဘရစ်တနီ ဂရိုင်နာဟာ ထိန်းသိမ်းမှုအခြေအနေနဲ့ပတ်သက်ပြီး တိုင်ကြားချက် တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုခြင်းမရှိဘူးလို့ သူမရဲ့ ရှေ့နေက AP ကို ပြောခဲ့တာပါ။

ဘရစ်တနီ ဂရိုင်နာဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် အမေရိကန်နဲ့ ရုရှားအကြား တင်းမာမှုတွေ မြင့်တက်ချိန်မှာပဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။သောကြာနေ့ ကြားနာမှုအပြီးမှာ WNBA ဟာ သူမကို ထိန်းသိမ်းမှု သက်တမ်းတိုးတာကို မျှော်လင့်မထားဘူးလို့ ပြောခဲ့တာပါ။ဘရစ်တနီ ဂရိုင်နာကို ပြန်လွှတ်ပေးဖို့ အမေရိကန် အစိုးရနဲ့ လိဂ် တာဝန်ရှိသူတွေဟာ လက်တွဲဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။လက်ရှိအချိန်မှာ အမေရိကန်နဲ့ ရုရှားအကြား ဆက်ဆံရေးတွေယိုယွင်းနေပေမယ့် တာဝန်ရှိသူတွေက စေ့စပ်ညှိနှိုင်းဖို့ သံတမန် လမ်းကြောင်းတွေကို ဖွင့်ထားခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့လက ထောင်ဒဏ် ၉ နှစ်ကျခံနေရတဲ့ အမေရိကန်နိုင်ငံသား မရိန်းတပ်သားဟောင်း ရိဒ် ဟာ ရုရှား အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။အမေရိကန်ကလည်း မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုနဲ့ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ရုရှား လေယာဉ်မှူး ကွန်စတန်တင်ကို ပြန်လွှတ် ပေးခဲ့တာပါ။

ဘရစ်တနီ ဂရိုင်နာဟာ အမေရိကန် အမျိုးသမီးလက်ရွေးစင်အသင်းနဲ့ (၂၀၁၆) နဲ့ (၂၀၂၀) အိုလံပစ်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပြီး (၂၀၁၄) နဲ့ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။