CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရက်ဂ်နစ်က ရော်နယ်ဒိုဟာ နည်းပြသစ် အဲရစ်တန်ဟတ် လက်ထက်မှာလည်း အဓိက ကစားသမားဖြစ်လာမှာလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ချယ်လ်ဆီး အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ဆုံးရယူနိုင်ခဲ့တဲ့ သွင်းဂိုး(၅)ဂိုးလုံးကို သွင်းယူထားတာဖြစ်ပါတယ်။ အဲဒါကြောင့် ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ဒီ ရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ(၃၆)ပွဲ ပါဝင် ကစားထားပြီး (၂၃)ဂိုး သွင်းယူထားတာပါ။

ရက်ဂ်နစ်က “ကျနော်ပြောချင်တာက ဒီနေ့ သူသွင်းခဲ့တဲ့ သွင်းဂိုးတစ်ခုတည်းမဟုတ်ပါဘူး။ သူ့ရဲ့ စွမ်းဆောင်ရည်၊ စိတ်နေသဘောထားနဲ့ ကျနော်တို့ဘက်အခြမ်းကို သူဘယ်လောက်ထိ ကူညီပေးလဲ ဆိုတာကိုပါ။ အသက်(၃၇)နှစ် အရွယ်မှာ ဒီလိုလုပ်ဆောင်နိုင်တာဟာ ပုံမှန်မဟုတ်ပါဘူး။ ဒီနေ့ သူကစားတဲ့ ပုံစံအတိုင်းသာ ကစားမယ်ဆိုရင် သူဟာ အသင်းအတွက် ကောင်းမွန်တဲ့ အကူအညီတွေ ပေးနိုင်သေးတယ်ဆိုတာကို ဒီနေ့မှာ ပြသသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

နည်းပြသစ် အဲရစ်တန်ဟတ် လက်ထက်မှာ ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေရှိနေကြတာ ဖြစ်ပါတယ်။ဒါနဲ့ ပတ်သက်ပြီး ရက်ဂ်နစ်က “သူတို့ဘာလုပ်ချင်လဲဆိုတာက အဲရစ်နဲ့ ရော်နယ်ဒိုတို့ရဲ့ ဆုံးဖြတ်ချက် ပါ။ဒါကြောင့် ဒီကိစ္စကို ပြောဖို့ မကောင်းဘူးလို့ထင်ပေမယ့် ဒီနေ့ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်က အလွန် ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ချယ်လ်ဆီး အသင်းနဲ့ သရေကျခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးဖို့ သေချာသလောက်ရှိသွားတာပါ။ရော်နယ်ဒို ကတော့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူချင်လို့ ပြန်လာတာဖြစ်ပေမယ့် ဆုဖလားလက်မဲ့နဲ့ ကြုံတွေ့ခဲ့ရသလို လာမယ့်ရာသီ ချန်ပီယံ ပြိုင်ပွဲပါ မကစားရမယ့်အခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။အဲဒါကြောင့်လည်း ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟလ သတင်းတွေအများအပြားထွက်ပေါ်နေတာပါ။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန်ဖိုဒ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:TheSun