CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉

လီဗာပူးလ် အသင်းနည်းပြ ကလော့ပ် က ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖြစ်တဲ့ အဓိက အကြောင်းအရာ တွေထဲက တစ်ခုက ဇနီးဖြစ်သူဟာ မာဆေးဆိုဒ်မှာ ဆက်ရှိချင်တာကြောင့် ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကလော့ပ်နဲ့ လီဗာပူးလ်တို့ အရင်ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပြီး ဒီ စာချုပ်ကုန်ဆုံးချိန်မှာ အသင်းက ထွက်ခွာတော့မယ်လို့ မကြာခဏပြောခဲ့ဖူးတာပါ။ ဒါပေမယ့် ဂျာမန်လူမျိုးနည်းပြဟာ စိတ်ပြောင်းသွား ခဲ့ပြီး အသင်းမှာ ၂၀၂၆ အထိ ရှိမယ့် (၂)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ကလော့ပ် ဟာ လီဗာပူးလ် အသင်းကို ရောက်ရှိလာကတည်းက နှစ်ပေါင်း(၃၀)ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလား အပါအဝင် ချန်ပီယံလိဂ်၊ဥရောပစူပါဖလား၊ကလပ်ကမ္ဘာ့ဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူပေးထားတာပါ။

ကလော့ပ် က “လီဗာပူးလ် အသင်းမှာ နောက်ထပ်နှစ်ရာသီကြာ ဆက်ရှိတော့မှာပါ။ ဘာဖြစ်လို့လဲဆိုရင် အူလာက ဒီမှာ ဆက်ပြီးနေချင်လို့ပါ။ ခင်ပွန်းကောင်းတစ်ဦးက ဇနီးသည်နေချင်တဲ့အခါ ဘာလုပ်မှာလဲ။ ဆက်ပြီးနေမှာပေါ့။ ဒါဟာ တစ်ခုတည်းသော အကြောင်းပြချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းပြချက်တွေထဲက တစ်ခုပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဇနီးသည်ဖြစ်သူ အူလာ ဟာ ကလော့ပ် လီဗာပူးလ် အသင်းကို ကိုင်တွယ်နေတဲ့အချိန်အတွင်း ပွဲစဉ်တွေကို တက်ရောက်ကြည့်ရှုခဲ့တယ်လို့လည်း သိရပါတယ်။ လီဗာပူးလ် အသင်းဟာ ကလောပ့်နဲ့အတူ သူ့ရဲ့ လက်ထောက် တွေဖြစ်တဲ့ လီဂျင်ဒါစ်နဲ့ ပီတာတို့ကိုလည်း သက်တမ်းတိုးစာချုပ်တွေ ချုပ်ဆိုခဲ့တာပါ။ လီဗာပူးလ် အသင်းဟာ ကလော့ပ်ရဲ့လက်အောက်မှာ ဒီ ရာသီအတွက် ဆုဖလား(၄)လုံးရဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတာလည်း ဖြစ်ပါ တယ်။

လီဗာပူးလ် အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို အက်ဖ်အေဗိုလ်လုပွဲလည်း ရောက်ရှိနေတာပါ။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲတက်ဖို့ နီးစပ်နေသလို ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး နေရာက မန်စီးတီး အသင်းကို ၁ မှတ်အကွာနဲ့ ဒုတိယနေရာကနေ ဖိအားပေးနေတာဖြစ်ပါတယ်။ လီဗာပူးလ် အသင်းအနေနဲ့ ဆုဖလား(၄)လုံး ရယူနိုင်ခဲ့မယ်ဆိုရင် ဒီလိုရယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်အသင်းအဖြစ် စံချိန် မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။

Source:Dailymail