CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၉

ချယ်လ်ဆီး အသင်းဟာ ဘရန်ဖိုဒ့်၊ရီးရယ်လ် အသင်းတို့နဲ့ အိမ်ကွင်းနှစ်ပွဲဆက် အရေးနိမ့်ပြီးနောက် နည်းပြဖြစ်သူ တူချယ်လ် ဟာ ကစားသမားတွေနဲ့ ပွင့်ပွင့်လင်းလင်း အစည်းအဝေး ပြုလုပ်သွားခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန်ဖိုဒ့် အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ကြားရက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အိမ်ကွင်းမှာပဲ ရီးရယ်လ် အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ ထပ်မံအရေးနိမ့်ခဲ့တာပါ။ အဲဒါကြောင့် နည်းပြ တူချယ်လ် ဟာ ကစားသမားတွေနဲ့တွေ့ဆုံခဲ့ပြီး ညံဖျင်းတဲ့ စွမ်းဆောင်ရည်တွေအတွက် သူတစ်ဦးတည်းသာ စကားပြောခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ပွဲလုံးမှာ သူ့အသင်းဟာ စည်းကမ်းပိုင်းဆိုင်ရာမှာ အားနည်းခဲ့တယ်လို့ တူချယ်လ် က ဝန်ခံခဲ့တာပါ။ “မနေ့က ပြုလုပ်ခဲ့တာဟာ ဆွေးနွေးတဲ့ အစည်းအဝေးမဟုတ်ပါဘူး။ ကျနော့်အမြင်ကို ပေးခဲ့တာက ပိုပြီးများပါတယ်။ ဒါကလည်း တစ်ခါတစ်လေမှာ လိုအပ်ပါတယ်။ ကစားသမားတွေရဲ့ အမြင်ကို အလေးအနက်ထားပြီး မကြာခဏ စဉ်းစားပေမယ့် နောက်ဆုံးနှစ်ပွဲအပြီးမှာတော့ ကျနော့်အမြင်ကို ပေးဖို့ လိုအပ်တယ်လို့ထင်ပါတယ်။ ကျနော်က လက်ညိုးမထိုးပြတတ်သလို အပြစ်ရှိတဲ့သူတွေကိုလည်း မရှာပါဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် တူချယ်လ် က “ကျနော်တို့ ဒီထဲမှာ အတူတူရှိနေတာပါ။ ပိုကောင်းအောင်လုပ်နိုင်တဲ့ နေရာတွေကို ထောက်ပြဖို့လိုပါတယ်။နောက်ဆုံးပွဲတွေမှာ ကျနော်တို့ရဲ့ဖွဲ့စည်းပုံတွေဟာ ကင်းမဲ့နေပါတယ်။ အသေးစိတ် အချက်အလက်တွေတော့ ကျနော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါဟာ ကစားသမားတွေကို ယုံကြည်ဖို့ပဲ ဖြစ်ပါတယ်။ကျနော်ဟာ ကစားသမားတွေကို ချစ်မြတ်နိုးသလို အစုအဖွဲ့မှာ ပါဝင်ရတာကိုလည်း နှစ်သက်ပါတယ်။ ကျနော်တို့အတူလက်တွဲပြီး ပိုကောင်းအောင်လုပ်နိုင်ပါတယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ချယ်လ်ဆီး အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်ပေမယ့် ရီးရယ်လ် ကို အရေးနိမ့်ပြီးနောက် သူတို့ရဲ့ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲဟာ ပြီးဆုံးပြီလို့ နည်းပြဖြစ်သူက ပြောထားတာဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဒီရာသီမှာ ရယူနိုင်စရာဆုဖလားအဖြစ် အက်ဖ်အေဖလားသာ ရှိတော့တာဖြစ်ပြီး အကြိုဗိုလ်လုပွဲ အဖြစ် ပဲလေစ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal