CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၉

ဖီနာဘာချီ အသင်းဟာ ပထမအသင်းလူစာရင်းကနေ ထုတ်ပယ်ထားတဲ့ အိုဇေးလ် ကို စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အိုဇေးလ် ဟာ ကွန်ယာစပေါ် အသင်းနဲ့ ကစားခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ ယာယီနည်းပြဖြစ်သူ အစ္စမေးလ် ကာတယ်လ်နဲ့ အချင်းများခဲ့ပြီးနောက် ပြီးခဲ့တဲ့လကတည်းက ဖီနာဘာချီ အသင်းက အသင်းလူစာရင်းကနေ ထုတ်ပယ်ခဲ့တာပါ။ အခုအချိန်မှာတော့ တူရကီကလပ်ဟာ အိုဇေးလ်ကို စာချုပ်ဖျက်သိမ်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အိုဇေးလ် ဟာ ပြီးခဲ့တဲ့ (၂၀၂၁)ကမှ အာဆင်နယ် အသင်းကနေ ထွက်ခွာပြီး ဖီနာဘာချီ အသင်းကို ရောက်ရှိလာခဲ့တာပါ။

အိုဇေးလ် ကို ပထမအသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး မေးခဲ့တာမှာ ဖီနာဘာချီ အသင်းဥက္ကဌ အလီကော့စ် က “အခုလက်ရှိ ကျနော်တို့မှာ ဒီအစီအစဉ်မရှိသေးပါဘူး။ ဒီဆုံးဖြတ်ချက် က ကလေးကစားသလိုလုပ်တာမဟုတ်ပါဘူး။ အရေးကြီးဆုံးအရာက ဖီနာဘာချီ ပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ အိုဇေးလ်နဲ့ ဖီနာဘာချီ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၄)နွေရာသီမှာ ကုန်ဆုံးမှာပါ။

အိုဇေးလ် ကို ခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ် ဟူးလ်စီးတီးနဲ့ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီ အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိုဇေးလ် ရဲ့ အေးဂျင့်ဖြစ်သူ ဆိုဂတ် ကတော့ အိုဇေးလ် ဟာ အစ္စတန်ဘူလ်ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ပြောထားတာပါ။ ဂျာမန် ကစားသမားဟောင်း ဟာ ဒီရာသီမှာ ဖီနာဘာချီ အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပွဲပေါင်း (၂၆)ပွဲကစားကာ (၉)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

အိုဇေးလ်ရဲ့ အေးဂျင့်ဖြစ်သူ ဆိုဂတ် က “နှစ်ဖက်လုံးအတွက် မနှစ်မြို့စရာကောင်းတဲ့ လုပ်ငန်းစဉ်တစ်ခုကို စတင် နေပါပြီ။ အရေးကြီးတာက တည်ငြိမ်နေဖို့နဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်မျှော်နေဖို့ပါ။ မီဆွတ်က ဒီက ထွက်ခွာဖို့အစီအစဉ်မရှိပါဘူး။ သူဟာ စာချုပ်ကုန်ဆုံးတဲ့အချိန်အထိ ဖီနာဘာချီ ကစားသမားအဖြစ် ဆက်ရှိမှာပါ။ သူဟာ ဖီနာဘာချီ အသင်းနဲ့ (၃)နှစ်ခွဲ စာချုပ်ချုပ်ခဲ့ပြီး (၆)လ အခကြေးငွေမယူဘဲ ကစားပေးခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

Source:TheSun