CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၉

ပီအက်စ်ဂျီ အသင်းဟာ ဘတ်ပီကို လက်မှတ်ထိုးကြေး ပေါင်သန်း ၁၅၀ အထိပေးပြီး အသင်းမှာ နောက်ထပ် ၂ ရာသီ ဆက်ထိန်းသိမ်းဖို့ ပြင်ဆင်နေတယ်လို့ စပိန်ဘောလုံးကျွမ်းကျင်သူ ဂူလမ်က ပြောလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဘတ်ပီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။ ဘတ်ပီဟာ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းကတော့ ဘတ်ပီကို ဆက်ထိန်းသိမ်းနိုင်ဖို့ စိတ်အားထက်သန်နေပြီး တစ်နှစ်ကို အသားတင် လစာငွေ ပေါင် ၂၁ သန်းနဲ့ ကမ်းလှမ်းသွားဖို့လည်း ရှိနေတာပါ။

ဒီလို မက်မောလောက်စရာ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် ဘတ်ပီဟာ ရီးရယ်လ် အသင်းကိုပဲ ဦးစားပေး ရွေးချယ်မှုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လော်ရီးယန့် အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ ဘတ်ပီက “ကျနော် ဘာဆုံးဖြတ်ချက်ကိုမှ မချရသေးပါဘူး။ ထည့်သွင်း စဉ်းစား ဖို့ အချက်အသစ်တွေ ရှိပါတယ်။ ဘယ်အချက်အသစ်လဲ ဆိုရင်တော့ အသစ်အဆန်းတွေပါပဲ”လို့ ပြောခဲ့တာပါ။

ဘတ်ပီကိုတွေ့ရစဉ်(Sports Mole)

ကာတာပိုင်ဆိုင်တဲ့ ပီအက်စ်ဂျီ အသင်းဟာ ဘတ်ပီကို စာချုပ်အသစ် ချုပ်ဆိုဖို့ ဖိအားပေး နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

သူတို့ဟာ လတ်မှတ်ထိုးကြေး ပေါင် ၁၂၅ သန်းနဲ့ ဘတ်ပီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီး ဖြစ်ပေမယ့် အခု အချိန် မှာတော့ နောက်ထပ် ပေါင် ၂၅ သန်း ထပ်ပေးဖို့ ပြင်ဆင်နေတာပါ။ ဘတ်ပီရဲ့ နောက်ထပ် ပြောင်းရွှေ့မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ မိဘတွေက ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားပေမယ့် ကစားသမားကသာ နောက်ဆုံး ဆုံးဖြတ်ပေးရ မှာ ဖြစ်ပါတယ်။

တကယ်လို့ ဘတ်ပီသာ ပီအက်စ်ဂျီ အသင်းမှာ ဆက်နေမယ်ဆိုရင် သူ့ရဲ့ အကြံပေးတွေဟာ ဝန်ဆောင်ခအဖြစ် ပြင်သစ် ကလပ်ကနေ ပေါင် ၄၂ သန်း ရရှိမှာပါ။ ရီးရယ်လ် အသင်းကတော့ ဘတ်ပီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားတာကြောင့် ဟာလန်းအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် ခြေစွမ်း ပြသနေတာဖြစ်ပြီး ပွဲပေါင်း ၃၈ ပွဲ ပါဝင် ကစားထားကာ ၂၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: BBC