CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၈

နှလုံးရောဂါ သက်သာပြီးနောက် နယ်သာလန်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒိန်းမတ်အတွက် ပါဝင်ကစားခဲ့တဲ့ အဲရစ်ဆင်ဟာ ပွဲအပြီးအင်တာဗျူးဖြေဆိုရာမှာ အကြွေစေ့နဲ့ ပစ်ပေါက်ခံခဲ့ရပါတယ်။

ဖင်လန်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို(၂၀၂၀) ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ နှလုံးရပ်ခဲ့တာကြောင့် ကွင်းအတွင်းလဲကျ ခဲ့တဲ့ အဲရစ်ဆင် ဟာ ရက်ပေါင်း(၂၈၇)ရက်အကြာမှာ နိုင်ငံအသင်းအတွက် ပထမဆုံးပွဲစဉ်အဖြစ် ပါဝင် ကစားနိုင် ခဲ့တာပါ။ အဲရစ်ဆင်ဟာ နယ်သာလန် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်ရဲ့ ဒုတိယပိုင်းမှ ဒိန်းမတ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲရစ်ဆင် လူစားဝင်ရောက်လာချိန်မှာ ကွင်းထဲမှာရှိတဲ့ သူတိုင်းဟာ လက်ခုပ်တီးကာ ကြိုဆိုခဲ့ကြတာပါ။

အဲရစ်ဆင် ဟာ လူစားဝင်ပြီး (၂)မိနစ်အကြာမှာပဲ ဒိန်းမတ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူ ပေးနိုင် ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ နယ်သာလန် အသင်းက ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲရစ်ဆင် ဟာ ပွဲအပြီးအင်တာဗျုးဖြေဆိုရာမှာ အံအားသင့်ဖွယ် အကြွေစေ့နဲ့ ပစ်ပေါက်တာခံခဲ့ရတာပါ။အဲရစ်ဆင် ဟာ အကြွေစေ့ သူ့ကို ထိမှန်သွားခဲ့တာကြောင့် အနည်းငယ်စိတ်ပျက်သွားခဲ့ပါတယ်။ ဒါကို အံအားသင့်ဖွယ် ကြည့်ရင်းနဲ့ အဲရစ်ဆင် က “သူတို့က အကြွေစေ့ကို ပစ်ချလိုက်တာလား မယုံနိုင်စရာပါပဲ”လို့ ပြောသွားခဲ့ပါသေးတယ်။

နှလုံးခုန်နှုန်း ထိန်းချုပ်စက်(ICD) တပ်ဆင်ထားတဲ့ အဲရစ်ဆင် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကမှ ဘရန်ဖိုဒ့် အသင်းကို အလွတ်နဲ့ပြောင်းရွှေ့ခဲ့တာပါ။အဲရစ်ဆင် ဟာ ဖေဖော်ဝါရီ(၂၆)ရက်က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ဘရန်ဖိုဒ့်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့ပြီး နောဝစ်ချ်နဲ့ ဘန်လေတို့ ပွဲမှာတော့ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင် ဟာ ဒိန်းမတ်လက်ရွေးစင် အသင်းနဲ့အတူ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့ ပစ်မှတ်ထား နေခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်က “ဘောလုံးက ကျနော့်ဆီကို ရောက်လာတဲ့အတွက် ပျော်ရွှင်ပြီး အလွန် ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခုဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာဘောလုံးလောကို တကျော့ပြန်စတင်ဖို့ ဒါက ပြီးပြည့်စုံတဲ့နည်းလမ်းပါပဲ။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ကြားထဲမှာလည်း ပွဲတွေအများကြီးရှိတာကြောင့် သူတို့တွေကိုလည်း အာရုံစိုက်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

Source:TheSun