CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၃

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ဆက်နေမယ့် အကြီးမားဆုံးအရိပ်အမြွက်အဖြစ် သူ.. မပြီးဆုံးသေးဘူးဆိုတဲ့ စကားကို ဘရန်ဖိုဒ့်နဲ့ ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းက ဘရန်ဖိုဒ့် အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရော်နယ်ဒို ဟာ အသင်းရရှိတဲ့ ဒုတိယဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။ပေါ်တူဂီ အသင်းခေါင်းဆောင် ဟာ ဒီဂိုးကြောင့် ပရီးမီးယားလိဂ်သွင်းဂိုး (၁၈) ဂိုးအထိရှိလာပြီး ပြိုင်ပွဲစုံသွင်းဂိုး (၂၄) ဂိုးမြောက်လည်း ဖြစ်ခဲ့ပါတယ်။ ဒီပွဲဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဒီရာသီ အိုးထရက်ဖိုဒ့်မှာ ကစားတဲ့ နောက်ဆုံးပွဲလည်း ဖြစ်ခဲ့တာပါ။

ရော်နယ်ဒို ဟာ ပွဲအပြီး အသင်းဖော်တွေနဲ့ ဂုဏ်ပြုနေချိန်မှာ တီဗီကင်မရာကို ကြည့်ပြီး “ ကျနော် မပြီးဆုံး သေးဘူးလို့ ”ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ နောက်တစ်ရာသီရှိသေးပေမယ့် အသစ်ရောက်ရှိလာမယ့် နည်းပြသစ် တန်ဟတ်ကြောင့် သူ့ရဲ့ အနာဂတ်နဲ့ ပတ် သက်ပြီး မေးခွန်းတွေထွက်ပေါ်နေခဲ့တာပါ။ဒါ့အပြင် မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့အပေါ်မှာလည်း ရော်နယ်ဒိုရဲ့ အနာဂတ်က မူတည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အဆင့် (၄)နေရာက အာဆင်နယ် အသင်းထက် (၂) ပွဲပိုကစားထားပြီး (၅) မှတ်ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးသွားခဲ့တာပါ။ရော်နယ်ဒို ဟာ ဘရန်ဖိုဒ့် အသင်းဘက်ကို သွင်းယူခဲ့တဲ့ဂိုးကြောင့် ကလပ်ကစားသမားဘဝ သွင်းဂိုး (၆၉၈) ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။အဲဒါကြောင့် ရော်နယ်ဒိုအနေနဲ့ နောက်ထပ် (၂) ဂိုးသွင်းယူတာနဲ့ ကလပ်ကစားသမားဘဝ သွင်းဂိုး (၇၀၀) ပြည့်တော့မှာပါ။

အသက်(၃၇) နှစ်အရွယ်ရှိ ရော်နယ်ဒို ဟာ ဒီရာသီမှာ အသင်းနဲ့အတူ ခြေစွမ်းပြဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ ထိပ်တန်းဂိုးသွင်းရှင် စာရင်းနံပတ် (၃) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဒီပွဲမှာ မာတာနဲ့ မာတစ်တို့ဟာ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ အိုးထရက်ဖိုဒ့် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင် ကစားခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး (၂) ပွဲအဖြစ် ဘရိုက်တန်၊ ပဲလေစ့် အသင်းတို့နဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:TheSun