CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၃

ယူကရိန်းနိုင်ငံကို ကျူးကျော်မှုကြောင့် ရုရှားကလပ်နဲ့ နိုင်ငံအသင်းတွေကို ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)က ထပ်မံ ဒဏ်ခတ် ပိတ်ဆို့လိုက်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ အခုနွေရာသီမှာ ကျင်းပမယ့် ၂၀၂၂ အမျိုးသမီးယူရိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ပိတ်ပင်ခံထား ရတာပါ။ အခု အချိန်မှာ ယူအီးအက်ဖ်အေက ကျင်းပမယ့် လာမယ့်ရာသီ ပြိုင်ပွဲတွေမှာ ရုရှားကလပ်တွေကို ပါဝင်ယှဉ်ပြိုင်ဖို့ ပိတ်ပင်ခံရဦးမှာ ဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူရို-၂၀၂၈ ဒါမှမဟုတ် ယူရို-၂၀၃၂ ပြိုင်ပွဲတွေမှာ အိမ်ရှင်အဖြစ် ပြုလုပ်ဖို့ ရုရှားရဲ့ ကမ်းလှမ်းမှုတွေကို အရည်အချင်း မပြည့်မီဘူးဆိုပြီး ကြေညာလိုက်တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ရုရှားကလပ်နဲ့ နိုင်ငံအသင်းတွေကို နောက်ထပ် ထုတ်ပြန်ချက်တွေ မထုတ်ပြန်ခင် အချိန်ထိ ပြိုင်ပွဲဝင်ခွင့် ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။

ဇူလိုင်လမှာ ကျင်းပမယ့် ယူရို-၂၀၂၂ အမျိုးသမီးပြိုင်ပွဲမှာ ပလေးအောဖ့်မှာ ရုရှားကို အရေးနိမ့်ခဲ့တဲ့ ပေါ်တူဂီကို ရုရှား နေရာမှာ အစားထိုးပြီး ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပေးမှာဖြစ်ကြောင်းလည်း ယူအီးအက်ဖ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ရုရှား အမျိုးသမီး အသင်းဟာ ၂၀၂၃ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပဇုန် ခြေစစ်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

ရုရှားလက်ရွှေးစင်အသင်း(RT)

အမျိုးသားအသင်းကလည်း ၂၀၂၂-၂၃ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လိဂ် (B) ရဲ့ အုပ်စု (၂)မှာ အဆင့်(၄)နေရာမှာ ရပ်တည်တော့မှာဖြစ်ပြီး အုပ်စုအဆင့်ပြိုင်ပွဲတွေ ပြီးဆုံးချိန်မှာ လိဂ်(C)ကို တန်းဆင်း ရမှာပါ။

ယူအီးအက်ဖ်အေရဲ့ ထပ်မံ ပိတ်ပင်မှုကြောင့် ရုရှား အမျိုးသားနဲ့ အမျိုးသမီး ကလပ်တွေဟာ ၂၀၂၂-၂၃ ရာသီအတွင်း ကျင်းပ မယ့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူရိုပါကွန်း ဖရန့်လိဂ်ပြိုင်ပွဲတွေကို ပါဝင်လို့မရတော့တာ ဖြစ်ပါတယ်။

ရုရှားဟာ ပိတ်ဆို့မှုတွေ ခံခဲ့ရပေမယ့် ယူရို-၂၀၂၈ နဲ့ ယူရို-၂၀၃၂ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ စိတ်ဝင်စားခဲ့တာပါ။ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ရုရှားရဲ့ စိတ်ဝင်စားမှုဟာ “သရော်စာထက် ကျော်လွန်ပြီး”၊ “နားလည်မှုလွန်ကဲခြင်း” ဖြစ်တယ် လို့ ထုတ်ပြောခဲ့တာပါ။

ယူအီးအက်ဖ်အေရဲ့ နောက်ဆုံး ပိတ်ဆို့ အရေးယူမှုတွေကြောင့် ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွေအပြင် လူငယ်ပြိုင်ပွဲနဲ့ ဖူဆယ်ပြိုင်ပွဲတွေပါ ရုရှားအသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်လို့ ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

Source: BBC