CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၃

ဒတ်ခတ်ပိတ်ဆို့ ခံထားရတဲ့ ရုရှား ဘီလျံနာ အေဘရာမိုဗစ်ချ် ရဲ့ လုံခြုံရေး အစောင့်တွေဟာ အိမ်သာသုံးစက္ကူ ကိုတောင် ကိုယ်တိုင်ဝယ်ယူသုံးစွဲနေရတယ်လို့ The Sun သတင်းမှာ ဖော်ပြထားပါတယ်။

ချယ်လ်ဆီး အသင်းပိုင်ရှင် ဟာ ငွေပေးချေနိုင်ဖို့ ရုန်းကန်နေရတဲ့အတွက် ပေါင်မုန့်၊နို့၊လက်ဖက်ရည်နဲ့ ကော်ဖီ စတဲ့ အခမဲ့ခံစားခွင့်တွေကိုလည်း ဖယ်ရှားခဲ့တာပါ။အေဘရာမိုဗစ်ချ် ရဲ့ ဇနီးဟောင်းဖြစ်သူ အိုင်ရီနာ မာလန်ဒီနာ က Team Fusion ပြေစာ တွေကို ပေးချေရပြီးနောက် ဒီလိုဖြတ်တောက်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။အဆိုပါ ကုမ္ပဏီ ဟာ အသက်(၅၅) နှစ်အရွယ်ရှိ အေဘရာမိုဗစ်ချ်အတွက် ဗြိတိန်မှာ လုံခြုံရေးစီမံခန့်ခွဲပေးရတာဖြစ်ပြီး တစ်လကို ပေါင်(၄) သိန်း ဝန်းကျင်ပေးချေရတာပါ။

ဒါပေမယ့် အေဘရာမိုဗစ်ချ် နဲ့ ကလေး(၅)ဦး ရရှိခဲ့တဲ့ အိုင်ရီနာ မာလန်ဒီနာ ဟာ ခင်ပွန်းဟောင်း ဖြစ်သူရဲ့ ပိုင်ဆိုင် မှုတွေကို ဗြိတိန်အစိုးရက သိမ်းဆည်းပြီးနောက် မလိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုတွေကို ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ချယ်လ်ဆီးနဲ့ အနောက်လန်ဒန်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းတွေ နေထိုင်ရာ တိုက်ခန်း(၃)ခန်းကိုလည်း (၁)ခန်းလျှော့ချလိုက်ပြီး ဝန်ထမ်းအရေအတွက်ကိုလည်း လျှော့ချခဲ့တယ်လို့ သိရပါတယ်။

သူတို့တွေဟာ Wifi နဲ့ ရုပ်သံလိုင်းကြေးတွေကိုလည်း ကိုယ်တိုင်ပေးချေနေရတာဖြစ်ပါတယ်။ဒါ့အပြင် Fyning Hill နေအိမ်က မိသားစုတွေပိုင်ဆိုင်တဲ့ ပေါင်သန်း(၂၀) တန်ကြေးရှိတဲ့ မြင်းတွေနဲ့ ပေါင်(၁.၂) သန်းတန်ကြေးရှိ မာစီဒီးစ် Gullwing အပါအဝင် တန်ဖိုးကြီးကားတွေကိုလည်း ရောင်းချခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ရုရှားဘီလျံနာ ပိုင်ဆိုင်တဲ့ ချယ်လ်ဆီး အသင်းရဲ့ အရောင်းအဝယ်ဟာ လက်ရှိအချိန်မှာဖြစ်ဖို့ နီးစပ်နေပြီး တော့ဒ် ဘိုလေ က ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ် ကလည်း ချယ်လ်ဆီး အသင်းကို ဝယ်ယူ ဖို့ နောက်ကျပြီးမှ ကမ်းလှမ်းခဲ့ပေမယ့် စီမံခန့်ခွဲတဲ့ကုမ္ပဏီကတော့ တော့ဒ်ဘိုလေ တို့ အစုအဖွဲ့ကိုသာ ဦးစားပေး အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Source:TheSun