CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃

ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ATP 250 ပြိုင်ပွဲဖြစ်တဲ့ တယ်လ်အဗစ်အိုးပန်းမှာ ဗိုလ်စွဲပြီး ဝင်ဘယ်လ်ဒန်အိုးပန်း နောက်ပိုင်း ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ တယ်လ်အဗစ် အိုးပန်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ မာရင်ဆီလစ်ကို ၆-၃၊ ၆-၄ နဲ့ အနိုင်ရပြီး ဆုဖလား ရယူနိုင်ခဲ့တာပါ။

ဆားဘီးယား တင်းနစ်သမားဟာ ဇူလိုင်လက ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် ပထမဆုံး တစ်ဦးချင်း ပြိုင်ပွဲအဖြစ် တယ်လ်အဗစ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဒီပွဲမတိုင်ခင် ရော်ဂျာဖက်ဒဲရားကို နှုတ်ဆက်တဲ့ Laver Cup ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့သေးပါတယ်။

ဂျိုကိုဗစ်က “ ကျနော်အလွန်ကောင်းမွန်တဲ့ တင်းနစ်ပွဲ ကစားခဲ့တယ် ထင်ပါတယ်။ ကျနော် ပြိုင်ပွဲ မကစားရတာ ၃ လလောက်ရှိပါပြီ။ အဲ့ဒါကြောင့် တကယ်ကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့က ကျနော့်အတွက် တွန်းအား တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေက ချစ်ကြည်ရင်းနှီးပြီး ရက်သတ္တပတ်လုံး ကျနော့်ကို အားပေးကြတဲ့ အတွက်ပါ”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂျိုကိုဗစ်ကို တင်းနစ်ကစားနေစဉ် (The Times of Israel)

ဂျိုကိုဗစ်ဟာ တယ်လ်အဗစ်အိုးပန်းမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဒီဆုဖလားဟာ သူ့ရဲ့ ကစားသမား ဘဝ ၈၉ ခုမြောက် ဆုဖလားလည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မာရင်ဆီလစ်နဲ့ တွေ့ဆုံတဲ့ ၂၁ ကြိမ်မှာ ၁၉ ပွဲမြောက် နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ကိုဗစ် ကာကွယ်ဆေး မထိုးတာကြောင့် အခုနှစ်ရာသီ ဂရမ်းဆလမ်းပြိုင်ပွဲတွေဖြစ်တဲ့ သြစတြေးလျအိုးပန်း၊ အမေရိကန်အိုးပန်း အပါအဝင် ပြိုင်ပွဲအများအပြားကို လွဲချော်ခဲ့ရတာပါ။

ကမ္ဘာ့အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဆားဘီးယား တင်းနစ်သမားဟာ ATP 500 ပြိုင်ပွဲဖြစ်တဲ့ အက်စတာနာ အိုးပန်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး ဒီပြိုင်ပွဲမှာ ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်နဲ့ မက်ဗီးဒက်ဗ် တို့လည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ အခုနှစ်အတွင်း ဝင်ဘယ်လ်ဒန်အိုးပန်း၊ အီတလီအိုးပန်းနဲ့ အခု တယ်လ်အဗစ် အိုးပန်းတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

Source: BBC