CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၉

မြန်မာအသင်းဟာ ကျင်းပနေဆဲ အာဆီယံယူ-၁၆ ပြိုင်ပွဲမှာ အုပ်စု ပထမနေရာ ရယူပြီး အကြိုဗိုလ်လုပွဲကို တက်သွားပြီ ဖြစ်ပါတယ်။

အကြိုဗိုလ်လုပွဲ တက်နိုင်ဖို့ အဆုံးအဖြတ် ပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့ ကမ္ဘောဒီးယားနဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်း က ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

မြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၄၈ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အသင်းခေါင်းဆောင် လင်းထက်ဦးက သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အဖိုးတန် အနိုင်ဂိုးရအပြီး လက်ကျန်ပွဲ ကစားချိန်တွေ အတွင်းမှာ အနိုင်ရလဒ်ကို ထိန်းခဲ့ကာ အကြိုဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ ကမ္ဘောဒီးယားကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အပါအဝင် အုပ်စုတွင်းမှာ သြစတြေးလျကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး မလေးရှားအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

ပင်နယ်တီကန်ဖို့ လုပ်နေတဲ့ လင်းထက်ဦး (MFF)

အဲ့ဒါကြောင့် အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီး ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တခြား အုပ်စုတွေမှာ အိမ်ရှင် အင်ဒိုနီးရှားနဲ့ ထိုင်း အသင်းတို့လည်း အုပ်စုထိပ်ဆုံးနဲ့ အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်အသင်း ကတော့ အကောင်းဆုံးအုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

မြန်မာအသင်းဟာ အကြိုဗိုလ်လုပွဲအဖြစ် အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထိုင်းအသင်းက ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲတွေကို သြဂုတ်လ ၁၀ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာအသင်းရဲ့ ပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

အာဆီယံယူ-၁၆ ပြိုင်ပွဲကို ကိုဗစ်ကူးစက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် မကျင်းပခဲ့ရတာဖြစ်ပြီး အခုနှစ်မှ ပြန်လည် ကျင်းပ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းကတော့ အာဆီယံယူ-၁၆ ပြိုင်ပွဲရဲ့ ၂၀၀၂ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ချန်ပီယံဆု ၂ ကြိမ် ရယူထားပြီး အဲ့ဒီနောက်ပိုင်း အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။