CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၉

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးက အနီကတ်နဲ့ ထုတ်ပယ်ပြီး မကြာခင်မှာ ပင်နယ်တီ အပေးခံခဲ့ရတာကြောင့် တာဂျီကစ္စတန်ကို အရေးနိမ့်တာလို့ ပြောလိုက်ပါတယ်။

မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးက “ကျနော်တို့ ပထမပိုင်းမှာ ပြိုင်ဘက်နဲ့ သူတင်ကိုယ်တင် ကစားပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။တာဂျီကစ္စတန် အသင်းကို ဂိုးပေးလိုက်ရပေမယ့် အသင်းလိုက် ကစားပုံကောင်းပါတယ်။ပထမပိုင်းမှာ အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ အားလုံးက ချေပဂိုးနဲ့ ရလဒ်ကောင်း ရဖို့ ကြိုးစားခဲ့ပါတယ်။ဒါပေမယ့် အနီကတ်နဲ့ တစ်ယောက်ထုတ်ပယ်ခံခဲ့ရသလို မကြာခင်မှာ ပင်နယ်တီပေးလိုက် ရတာကြောင့် ကျနော်တို့ ပြန်ကစားဖို့ ခက်သွားခဲ့ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မြန်မာအသင်းဟာ ၂၀၂၃ အာရှဖလားခြေစစ်ပွဲ အုပ်စုအဆင့်အဖွင့်ပွဲစဉ်အဖြစ် တာဂျီကစ္စတန်အသင်းနဲ့ ဇွန်လ ၈ ရက်က ကစားခဲ့ရာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်သွားခဲ့တာပါ။

မြန်မာအသင်းဟာ ဒီပွဲမှာ ၅-၄-၁ ကစားကွက်နဲ့ တာဂျီကစ္စတန်အသင်းကို ရင်ဆိုင်လာခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းကလည်း အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၉ မိနစ်မှာကတည်းက တာဂျီကစ္စတန်အသင်းက ဦးဆောင်ဂိုး ရခဲ့တာပါ။ မြန်မာအသင်းဟာ ချေပဂိုးရဖို့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တာဂျီကစ္စတန် အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ တာဂျီကစ္စတန်အသင်းက ဖိအားပေးကစားလာမှုကို ဖျက်ထုတ်ရင်းနဲ့ မြန်မာအသင်း နောက်ခံလူ စိုးမိုးကျော်ဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲခဲ့ရတာပါ။

အဆိုပါပြစ်ဒဏ်ဘောကနေ ပင်နယ်တီပေးခဲ့ရပြီး တာဂျီကစ္စတန်အသင်း ဒုတိယဂိုးရသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ တစ်ယောက်လျော့နေတဲ့ မြန်မာ အသင်းကို ဆက်တိုက်ဖိအားပေးလာခဲ့ကာ တာဂျီကစ္စတန်အသင်း တတိယဂိုးနဲ့စတုတ္တဂိုး ရရှိသွားခဲ့တာပါ။

အဲဒါကြောင့် တာဂျီကစ္စတန်အသင်းဟာ မြန်မာအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ ဇွန်လ ၁၁ ရက်မှာ ကာဂျစ္စတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်ဖို့ဆိုရင် ဒီပွဲကို အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ကာဂျစ္စတန်အသင်းဟာ အဖွင့်ပွဲမှာ စင်ကာပူ အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။