CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

အီတလီဘောလုံးအဖွဲ့ချုပ်က လာမယ့် ရာသီက စတင်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ နှစ်သင်း အမှတ်တူညီနေမယ်ဆိုရင် ပလေးအော့ဖ်ကစားပြီး ချန်ပီယံဆုကို ဆုံးဖြတ်မယ်လို့ အတည်ပြု လိုက်ပါတယ်။

ဒီအကြံအစည်ကို အခုလ အစောပိုင်းက စီးရီးအေကလပ် အသင်းတွေ ဆွေးနွေးခဲ့ကြပြီး အီတလီဘောလုံး အဖွဲ့ချုပ်က သူတို့ ရဲ့ အစည်းအဝေးမှာ အတည်ပြုကာ အင်္ဂါနေ့နှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ဒီ ပလေးအော့ဖ် ပွဲစဉ်မှာ အချိန်ပိုမရှိဘဲ ပွဲချိန်အတွင်း အနိုင်အရှုံး မပေါ်ရင် ပင်နယ်တီ အဆုံးအဖြတ် ခံယူကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ချန်ပီယံဆုကို နောက်ဆုံးပွဲစဉ်ကြမှသာ အဖြေပေါ်ခဲ့တာပါ။

အေစီမီလန်အသင်းဟာ ဒုတိယနေရာက မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းထက် နှစ်မှတ်အသာနဲ့ နှစ်ပေါင်း ၁၁ နှစ် အကြာမှာ ပထမဆုံး စကူဒတ်တိုဖလားကို ရရှိခဲ့ပါတယ်။

အေစီမီလန်အသင်း စီရီးအေချန်ပီယံဆု ရခဲ့စဉ် (Football Italia)

ဒီနောက်ဆုံး ပွဲစဉ်မှာ ထိပ်ဆုံးနှစ်သင်း အမှတ်တူညီနေခဲ့မယ်ဆိုရင် အေစီမီလန်အသင်းဟာ ထိပ်တိုက်တွေ့ဆုံမှုမှာ အင်တာ မီလန် အသင်းကို အသာရထားတာကြောင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဦးမှာပါ။

ဥရောပထိပ်တန်း လိဂ်တွေမှာတော့ ပလေးအော့ဖ် ပုံစံ အသုံးပြုခြင်း မရှိသေးပါဘူး။ သူတို့တွေဟာ ဂိုးကွာခြားချက်ကို အသုံး ပြုပြီး အဆုံးအဖြတ် ခံယူခဲ့ကြတာ ဖြစ်ပါတယ်။

အီတလီဟာ ၂၀၀၅-၀၆ ရာသီ မတိုင်ခင်အထိ ချန်ပီယံဆု၊ တန်းဆင်း တန်းတက်နဲ့ ဥရောပ ဝင်ခွင့်တွေအတွက် ဆုံးဖြတ်ဖို့ အမှတ် တူညီနေရင် ပလေးအော့ဖ်စနစ်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဒီစနစ် ပျောက်ပျက်သွားခဲ့ပြီး လာမယ့်ရာသီမှ ပြန်လည် အသုံးပြုမှာ ဖြစ်ပါတယ်။

လာမယ့်ရာသီ စီးရီးအေပြိုင်ပွဲကို သြဂုတ်လ ၁၃ ရက်မှာ စတင် ကျင်းပသွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

Source: CNA