CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀

ဘိုကာဂျူနီယာအသင်း အားပေးတဲ့ ပရိသတ်သုံးဦးဟာ ကိုရင်သီယန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ကိုပါလီ ဘာတေးဒိုးစ်ပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ လာရောက်အားပေးတဲ့ ဘိုကာဂျူနီယာ ပရိသတ်တွေထဲက နှစ်ဦးဟာ ကိုရင်သီယန်အသင်း ပရိသတ်တွေရှေ့မှာ မျောက်တွေလို ပုံစံမျိုးလုပ်ပြီး ရိုက်ကူးခဲ့ကြကာ နောက် တစ်ဦးကတော့ နာဇီပုံစံ အလေးပြုခဲ့တာပါ။အဲဒါကြောင့် အဆိုပါ ပရိသတ်သုံးဦးစလုံးဟာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။သူတို့သုံးဦးစလုံးကို ထောင်ထဲမှာ ထိန်းသိမ်းထားတယ်လို့ ပြည်သူ့လုံခြုံရေးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

“ကိုရင်သီယန်သားတွေဟာ လူမျိုးရေးခွဲခြားတဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ဒီလိုအပြုအမူတွေ အပေါ် သည်းခံနေမှာမဟုတ်ပါဘူး။ဒါနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်”လို့ ကိုရင်သီယန် အသင်းက သူတို့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

မျောက်တွေလိုပြုလုပ်ခဲ့သူနှစ်ဦးအနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ထောင်ဒဏ် တစ်နှစ်ကနေ သုံးနှစ်အထိ ကျခံရမှာဖြစ်ပြီး သူတို့ရဲ့ အာမခံကြေးကို ဒေါ်လာ ၃၈၅၀ သတ်မှတ်ထားတယ်လို့ ဒီအမှုရဲ့ တာဝန်ခံ စစ်ဆေး ရေးမှူးက CNN Brazil ကို ပြောခဲ့တာပါ။နာဇီပုံစံပြုလုပ်ခဲ့တဲ့ ပရိသတ်တစ်ဦးကတော့ အာမခံရမှာမဟုတ်ဘဲ ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် ၃ လကနေ ၆ လအထိ ကျခံရမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်လက ကိုပါလီဘာတေးဒိုးစ်အုပ်စုအဆင့်ပွဲစဉ်မှာ အဆိုပါ နှစ်သင်းတွေ့ဆုံခဲ့တုန်းက ဘိုကာဂျူနီယာ ပရိသတ်တစ်ဦးဟာ မျောက်လိုအော်ဟစ်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရသေးတာပါ။တောင်အမေရိကဘောလုံး အဖွဲ့ချုပ်က ဘိုကာဂျူနီယာအသင်းကို ပြီးခဲ့တဲ့လက ဒဏ်ကြေးငွေ ဒေါ်လာ ၁ သိန်း ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

ဘိုကာဂျူနီယာနဲ့ ကိုရင်သီယန်အသင်းတို့ဟာ ဇူလိုင်လ ၅ ရက်မှာ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အာဂျင်တီးနားမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Source:ChannelNewsAsia,Bescoccer