CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄

တရားမျှတမှု၊ မြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က ကျရောက်ခဲ့သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ၎င်းက ပြောကြားထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)နှင့် ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်(MMP)များ ကျင့်သုံးပြီး တရားမျှတမှု၊ မြင့်မားသော ဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်း သော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရွေးကောက်ပွဲ ရလဒ်များအရ ပေါ်ထွက်လာမည့် အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်သွားမည်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ သည်။

ထိုရွေးကောက်ပွဲအပိုင်း(၁)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၈၀ ရာခိုင်နှုန်းအနိုင်ရရှိထားပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က ဒုတိယအများဆုံးနှင့် တိုင်းရင်းသားပါတီများက တတိယ အများဆုံး အနိုင်ရရှိထားသည်။

 


ထို့နောက် ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မြို့နယ်တွင်လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း(၃)အား ဇန်နဝါရီ ၂၅ ရက်၌ မြို့နယ် ၆၃ မြို့နယ်တွင်လည်းကောင်း ဆက်လက် ကျင်းပသွား မည်ဖြစ်သည်။

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့ကို တပ်မတော်နှင့် USDP က ဦးဆောင် ဖွဲ့စည်းကြမည်ဖြစ်ပြီး ဗဟိုချုပ်ကိုင်မှု အားကောင်းသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပဋိပက္ခနှင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ ပုံစံတစ်ရပ် ပေါ်ပေါက်လာရန် အားလုံးက မျှော်လင့်နေကြသည်။