CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉

မြန်မာနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲပေးစေချင်သည့် ကိုယ်စားလှယ်လောင်းက ဘယ်လိုလူမျိုးဖြစ် မလဲ အားလုံးက စောင့်ကြည့်နေကြသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရွေးကောက်ပွဲတွင် မဲပေးရာမှာ စဉ်းစားရမည့် အချက်များကို ထည့်သွင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဆန္ဒမဲများပေးရာတွင် ဒေသအကျိုး၊ နိုင်ငံတော်အကျိုးကို ဖော်ဆောင်ပေးနိုင် မည့်သူ၊ အမျိုးဘာသာ သာသနာအကျိုးကို ဖော်ဆောင်ပေးနိုင်မည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့် ထိန်းနိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်‌ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ နိုင်ငံတော်တည်နေသရွေ့ အခိုင်မာဆုံးသော အဖွဲ့အစည်းအဖြစ် တည်ရှိနေသည့် တပ်မတော်နှင့် လက်တွဲ ဆောင် ရွက်နိုင်မည့်သူများကို ရွေးချယ်၍ ဆန္ဒမဲပေးကြရန်လိုကြောင်း”ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် အချက်အလက်များကို လေ့လာကြည့်ပါက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် ထိုပါတီမှ ကိုယ်စားလှယ်လောင်းများကို မဲပေးရန် သွယ်ဝိုက် မဲဆွယ် နေခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်ကောင် စီနယ်မြေမှာ အားလုံးအနိုင်ရခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်ဆိုပါက USDP ပါတီ ၈၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ရွေးကောက်ပွဲအပိုင်း(၁) ရလဒ်များကိုလည်း ပြည်သူများအားလုံး ပွင့်လင်း မြင်သာစွာ သိရှိနိုင်ရေး ထုတ်ပြန် ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ နိုင်ငံ့အရေးကို လေးလေးနက်နက် ဖြင့် ဆောင်ရွက်လိုသည့် နိုင်ငံရေး သမား စစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ်သန်းလာမှု အတွေ့အကြုံများ အရ တွေ့ရှိရကြောင်း” ပြောသည်။

ထို့နောက် ရွေးကောက်ပွဲအပိုင်း(၂)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မြို့နယ်မှာ ဆက်လက် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း(၃)ကိုတော့ ဇန်နဝါရီ ၂၅ ရက်၌ မြို့နယ် ၆၃ မြို့နယ်မှာ ကျင်းပမည်ဖြစ်သည်။

ရွေးကောက်ပွဲအပိုင်း(၁)တွင် USDP သည် ကြိုတင်မဲများဖြင့် အများဆုံးအနိုင်ရရှိခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး ပါတီ တချို့က ကြိုတင်မဲကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)သို့ စာပေးပို့ အသိပေးခဲ့သည်။

မိမိတို့ အနေဖြင့် ရွေး‌ကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သမာသမတ်ရှိသည့် ရွေးကောက်ပွဲ ဖြစ်စေရေးနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။