CNI International News
ဘေရွတ်၊ ဇန်နဝါရီ ၉
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် လက်ဘနွန်စစ်တပ်သည် နိုင်ငံတောင်ပိုင်းရှိ အစ္စရေးနှင့် ထိစပ်နေသော နယ်စပ် တစ်လျှောက်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ဖျက်သိမ်းရာတွင် မည်မျှ အထိ အောင်မြင်မှု ရရှိခဲ့သည်ကို ပြသရန်အတွက် သတင်းထောက်များနှင့် နိုင်ငံတကာ သံတမန်များကို ဖိတ်ခေါ် ပြီး လေ့လာရေးခရီးစဉ်များ ပြုလုပ်ပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
ထိုအချိန်အတောအတွင်း လက်ဘနွန်အစိုးရ အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက် ဖြုတ်သိမ်းနိုင်ခြင်း မရှိပါ က တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဟု အစ္စရေးက ခြိမ်းခြောက်ခဲ့သည်။
လက်ဘနွန် နိုင်ငံအတွင်းရှိ လက်နက်များအားလုံးကို အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေမည့် စီမံကိန်း၏ ပထမအဆင့်ကို အပြီးသတ်ရန် လက်ဘနွန်စစ်တပ်က ၂၀၂၅ ခုနှစ်ကုန်ပိုင်းကို နောက်ဆုံးထားပြီး သတ်မှတ်ခဲ့ သည်။
ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်တွင် စစ်တပ်၏ လုပ်ဆောင်နိုင်စွမ်းသည် အကန့် အသတ် ရှိနေသော်လည်း စစ်တပ်၏ ကတိကဝတ်ထားမှုကို အလေးပေး ပြသရန် ယခုကဲ့သို့ လေ့လာရေး ခရီးစဉ် များကို စီစဉ်ရခြင်းဖြစ်ကြောင်း လက်ဘနွန်စစ်တပ်တပ်မှူး ရိုဒေါ့ဖ် ဟေးကယ် (Rodolphe Haykal) က ပြောကြားခဲ့သည်။

လက်ဘနွန်အစိုးရအဖွဲ့ကိုတွေ့ရစဉ်
သို့သော် အစ္စရေး၏ စစ်ရေး လှုပ်ရှားမှုများနှင့် နယ်စပ်တစ်လျှောက် လက်ဘနွန် ပိုင်နက်များကို ကျူးကျော် သိမ်းပိုက်ထားမှုများသည် မိမိတို့စစ်တပ် ကြိုးပမ်းအားထုတ်မှုများကို ရှုပ်ထွေးစေပြီး အားနည်းစေသည်ဟု ဟေးကယ်က အပြစ်တင် ပြောဆိုခဲ့သည်။
အစ္စရေးကမူ ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနယ်စပ်နှင့် နီးကပ်သော နေရာများတွင် ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာအဖွဲ့၏ စစ်ရေး စွမ်းဆောင်ရည်များ ပြန်လည် တည်ဆောက်နေသည့် နှုန်းသည် လက်ဘနွန်စစ်တပ် ၏ လက်နက်ဖြုတ်သိမ်းရေး စွမ်းဆောင်ရည်ထက် ပိုမိုမြန်ဆန်နေသည်ဟုလည်း အစ္စရေးက ထုတ်ပြန်ခဲ့သည်။
သို့သော် လက်ဘနွန်တောင်ပိုင်းရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ (UNIFIL) ကမူ ဟစ်ဇ်ဘိုလာ အဖွဲ့သည် ၎င်းတို့၏ အခြေခံ အဆောက်အအုံများကို ပြန်လည် တည်ဆောက်နေသည့် အထောက်အထား မရှိကြောင်း ပြောကြားခဲ့သည်။
လက်နက်ဖြုတ်သိမ်းရေး ဒုတိယအဆင့်တွင် လက်ဘနွန်၏ လီတာနီမြစ် (Litani River) မြောက်ဘက်မှ ဆီဒွန် (Sidon) မြို့မြောက်ဘက်ရှိ အာဝါလီမြစ် (Awali River) အထိ စစ်ဆင်ရေးများကို တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်သည်။
“လီတာနီမြစ် မြောက်ဘက်ခြမ်းမှာတော့ လက်နက်ဖြုတ်သိမ်းမှာ မဟုတ်ဘူးလို့ ဟစ်ဇ်ဘိုလာအဖွဲ့က ရှင်းရှင်း လင်းလင်း ပြောထားပါတယ်။ ဒါဟာ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာနိုင်ခြေရှိတဲ့ သဘောပါပဲ” ဟု နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဂျိုး မက်ခရွန် ( Joe Macaron) က ပြောကြားခဲ့သည်။
Source: အယ်လ်ဂျာဇီးယား
