CNI New

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ အနုပညာရှင်တချို့သည် နိုင်ငံရေးပါတီတချို့ကနေ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် လုပ်ဆောင်နေပြီး လူထု၏ ယုံကြည်မှုကို အကဲစမ်းလာနေကြသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။

သရုပ်ဆောင် နေလင်းရှိန်သည် လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကနေ ဝင်ရောက်၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရန် စာရင်းပေးထားကြောင်း သိရသည်။ 

သရုပ်ဆောင် နေလင်းရှိန်သည် ပါတီမှ ရွေးကောက်ပွဲ ဝင်မည်ဆိုပြီး အဆိုပြုလာခြင်းကို ကြိုဆိုခဲ့ကြောင်း၊ နိုင်ငံရေးသည် တစ်ဦးတစ်ယောက်၏ အကျိုးအမြတ် မဟုတ်ဘဲ အများပြည်သူ အကျိုးအတွက် လုပ်ခြင်းဖြစ် သည်ဟု ပြည်သူရှေ့ဆောင်ပါတီ(PPP)မှဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က CNI သတင်းဌာနသို့ ပြောသည်။

ကိုဖြိုးဇေယျာသော်ကို တွေ့ရစဉ် 

၎င်းက “ဆယ်လီကို သီးသန့်ခေါ်တာ မဟုတ်ဘူး မင်းသား နေလင်းရှိန်က‌ ပါတီကနေပြီးတော့မှ ရွေးကောက်ပွဲ ဝင်မယ်ဆိုပြီး အဆိုပြုလာတာ ကျမတို့က ကြိုဆိုတာ။ ကျမတို့ကခေါ်တာ မဟုတ်ဘူး။ ဒါနိုင်ငံရေးဆိုတာ ဟိုလူခေါ် ဒီလူခေါ်လို့ မရဘူး။ ကာယကံရှင်ရဲ့ ဆန္ဒနဲ့ပဲ လုပ်လို့ရတာလေ။ ကျမတို့ပါတီကတော့ လူငယ်တွေ ဦးစားပေးတာပေါ့။ ကျမတို့ ပါတီရဲ့ မူဝါဒက လူငယ်အမျိုးသမီးနဲ့ တိုင်းရင်းသား‌တွေ ဦးစားပေးတဲ့မူဝါဒ ဖြစ်ပါ တယ်။ သူလည်း နိုင်ငံသားပဲလေ ဥပဒေအရဆိုရင် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်းက မဲပေးပိုင်ခွင့်ရှိတယ်။ အသက် ၂၅ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်းက ကိုယ်စားလှယ် လုပ်ပိုင်ခွင့်ရှိတယ်ပေါ့။ ဟိုအမျိုးသားလွှတ်တော် ကတော့ အသက် ၃၀ ပေါ့နော်။ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ၂၅ နှစ်ပေါ့။ ဘာပဲပြောပြော လူတစ်ယောက်ချင်းစီမှာ သူဟာသူ ယုံကြည်ချက်လည်း ရှိတယ်။ ကိုယ့်ကိုယ်ကို လည်း ယုံကြည်တယ်။ ကိုယ့်ရဲ့နိုင်ငံရေး ယုံကြည်ချက်လည်း ရှိတယ်ပြီးရင် သူတို့ကြိုက်တဲ့ပါတီ ရွေးချယ်ပြီးဝင်ပြီး တော့မှ နိုင်ငံရေးဆိုတော့ နိုင်ငံ့အရေးမှာ ပါဝင်လာချင်တာတွေကို ကျမတို့က ကြိုဆိုရမှာလေ သူတို့ရဲ့ အကျိုး အမြတ် မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံ့အရေးလုပ်တယ်။ အများပြည်သူရဲ့ တစ်နိုင်ငံလုံးရဲ့ အရေး ကို လုပ်ချင်တာ ဖြစ်တယ်။ အဲတာ တစ်ဦးတစ်ယောက်ရဲ့ အကျိုးအမြတ်အတွက် လုပ်တာ မဟုတ်ဘဲနဲ့ အများ ပြည်သူ အကျိုးအတွက် လုပ်တာပါ။ ဒါတွေဆိုရင် သူတို့ရဲ့ နိုင်ငံရေးရေချိန်ကလည်း ငယ်စဉ်ထဲက ဒီလိုဖြစ်သွားရင် ကြီးလာတဲ့ အချိန်ကြရင် ပိုအားကိုးရတဲ့ နိုင်ငံအတွက် ပိုအားကိုးရတဲ့လူတွေ ဖြစ်လာမှာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အနုပညာရှင် တချို့သည် ရွေးကောက်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်လေ့ အရမ်းနည်းပါးသော်လည်း အဆိုတော် ရသ၊ အဆိုတော် ဖြိုးဇေယျာသော်၊ သရုပ်ဆောင် ထက်ထက်ထွန်း တို့သည် စည်ပင်ရွေးကောက်ပွဲနှင့် လွှတ်တော် ရွေးကောက်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသော သမိုင်းရှိကြသည်။

လက်ရှိတွင် လိင်ပညာပေး ဆယ်လီတစ်ဦးဖြစ်သူ V V Chen သည်လည်း ပြည်သူ့ပါတီ(PP)၌ ဝင်ရောက်လာခဲ့ သလို စည်းရုံးရေး လုပ်ငန်းများလည်း ဆောင်ရွက်နေသည်။

သို့သော် ပြည်သူလူထု အများစုက အနုပညာရှင် သမားများသည် နိုင်ငံရေး ရေခံမြေခံကနေ ဆင်းသက်လာခြင်း မဟုတ်သည့်အတွက် ယုံကြည်မှုအားနည်းကြသည်။ ကိုဖြိုးဇေယျာသော် တစ်ဦးသာလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကနေ ရွေးချယ် တင်မြှောက်ခံရပြီး တစိုက်မက်မက် နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ သည်။

ဒေါက်တာသက်သက်ခိုင်ကို တွေ့ရစဉ် 

အနုပညာရှင်များသည် လူထုကြားထဲတွင် ထင်ရှားကျော်ကြားသူများဖြစ်ပြီး နိုင်ငံရေး ဘယ်လောက် သိသလဲ ဆိုခြင်းမှာ အကဲမဖြတ်တတ်နိုင်သေးကြောင်း၊ ၎င်းတို့၏ အကျိုးသက်ရောက်မှုသည် လူထုအပေါ် တစ်စုံတစ်ရာ တော့ ရှိနိုင်ကြောင်း  အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲတာကတော့ တစ်ဦးချင်းနဲ့ပဲဆိုင်တယ် ဒီလိုမျိုး အကုန်လုံးကို သိမ်းကျုံးပြီးတော့ ပြောလို့မရဘူးပေါ့။ ဒါပေမယ့် သူတို့က ဘာပဲဖြစ်ဖြစ် လူထုအပေါ်မှာ သူတို့ လူထုကြားထဲမှာ ထင်ရှားကျော်ကြားသူတွေ ဖြစ်တယ် ပေါ့။ ဒီအတွက်ကြောင့် သူတို့ရဲ့ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာတော့ရှိမှာပေါ့။ ဒီအပေါ်မှာ တော့ သူတို့နိုင်ငံရေး ဘယ်လောက် သိသလဲ၊ ဘာလဲဆိုတဲ့ဟာက သူတို့ ဟိုဟာ ကိုယ်လည်း အကဲမဖြတ် တတ်နိုင် ဘူးပေါ့။ အဲလိုဆိုတဲ့ အခါကြတော့ ဒါမျိုးကိုကြတော့ ပြောရခက်တယ်ပေါ့။ အခုက သူတို့ကတော့ နိုင်ငံရေးထဲဝင် တာမျိုး ထက်စာရင် ဘယ်လိုတွေ့ဆုံတာမျိုးလောက်ပဲ ရှိဦးမယ်၊ သဘောရှိပါတယ်၊ ဒါပေမယ့် ဒီနိုင်ငံရေးဆို တဲ့ ဟာကလည်း ဘယ်သူပဲ နိုင်ငံရေး လုပ်ရမယ်လို့ ဘယ်သူမဟုတ်ရင် နိုင်ငံရေး မလုပ်ရဘူးဆိုတဲ့ဟာလည်း ရှိမှ မရှိတာ တိုင်းပြည်အတွက် စိတ်ဝင်စားတဲ့လူတွေ အကုန်လုံး လုပ်ချင်တယ်ဆိုရင် အကုန်လုံး တစ်ဦးချင်း သူတို့ရဲ့ လုပ်ပိုင်ခွင့်ပဲလေ သူတို့ရပိုင်ခွင့်တွေပဲဆိုတဲ့ အခါကြတော့ ဒီအပေါ်မှာလည်း ထွေထွေထူးထူးတော့ ပြောစရာတော့ မရှိပါဘူး”ဟု‌ ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက်၌ အပိုင်း(၁)အနေဖြင့် ကျင်းပသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန် ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ရခိုင်အမျိုးသားပါတီ(ANP)စသည့် လူထုထောက်ခံမှု အားကောင်းသော နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ပြိုင်ရန် မရှိပေ။