CNI International News

တဲလ်အဗစ်၊ ဒီဇင်ဘာ ၁၂

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်အဖွဲ့ကို ချေမှုန်းရေးအတွက် လနှင့်ချီပြီး တိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း အစ္စရေးက ပြောကြားခဲ့သည်ဟု အေပီမှဖော်ပြခဲ့သည်။

အစ္စရေးသည် ဂါဇာဒေသတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများကို ပိုမိုအရှိန်မြှင့် လုပ် ဆောင်နေချိန်တွင် အစ္စရေး-ဟားမာ့စ်အကြား ကြားဝင်စေ့စပ်ပေးသည့် ကာတာနိုင်ငံကမူ စစ်ပွဲကို ရပ်တန့်ရန်နှင့် ဓားစာခံများအားလုံး ပြန်လည် လွတ်မြောက်ရေးအတွက် ဆက်လက်ပြီး အားထုတ်ကြိုးပမ်း သွားမည်ဟု ပြောကြားခဲ့သည်။

သို့သော် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့တို့သည် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းလိုသည့်ဆန္ဒ အနည်း ငယ်သာ ရှိကြောင်းလည်း ကာတာက ပြောကြားခဲ့သည်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အစ္စရေး၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် အမျိုးသမီး များနှင့် ကလေးငယ် အများစု အပါအဝင် သေဆုံးသူ ၁၇,၇၀၀ ကျော် ရှိလာသဖြင့် အစ္စရေးသည် နိုင်ငံတကာ၏ ဒေါသတကြီး ဝေဖန်မှုများနှင့်  ရင်ဆိုင်နေရသည်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတစ်ဦးကိုတွေ့ရစဉ်

ဂါဇာ၏ လူဦးရေ ၂ ဒသမ ၃ သန်းအနက် ၉၀ ရာခိုင်နှုန်းသည် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး ဂါဇာတွင် ဘေးကင်းလုံခြုံသည့် နေရာမရှိကြောင်း ကုလသမဂ္ဂ အေဂျင်စီများ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အစ္စရေးနှင့် ဟားမာ့စ်အကြား အပစ်အခတ်ရပ်စဲရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ၏ ကြေညာချက်ကို အမေရိကန်က ဗီတိုအာဏာနှင့် ပယ်ချခဲ့ပြီးနောက် အမေရိကန်သည် အစ္စရေးကို အဓိကလိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးခဲ့သည်။ 

ထို့ပြင် အစ္စရေးအား ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိ တင့်ကားနှင့် ခဲယမ်းများ အရေးပေါ်ရောင်းချရန် အမေရိကန် က တွန်းအားပေး လုပ်ဆောင်လျက်ရှိသည်။

အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းတွင် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် လူ ၁၂၀၀ ခန့် သေဆုံးခဲ့ပြီး လူပေါင်း ၂၄၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။

ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာတွင် မြေပြင်တပ်ဖွဲ့များ စေလွှတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မြေပြင်စစ်ဆင်ရေးများအတွင်း အစ္စရေးစစ်သား ၉၇ ဦး သေဆုံးခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောကြားခဲ့သည်။

Source: အေပီ