CNI International News

ဂူဝါဟတီ၊ ဒီဇင်ဘာ ၁၂

အိန္ဒိယနိုင်ငံ၏ အာသံ (Assam) ပြည်နယ်သည် မည်သည့်အခါကမျှ မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ ကြောင်း အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမန်တာ ဘစ္စဝါ ရှာမာ (Himanta Biswa Sarma) က ပြောသည်ဟု NorthEast Now မှ ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်ရှာမာသည် တရားရုံးချုပ်တွင် ပြုလုပ်သည့်် ကြားနာစစ်ဆေးမှု တစ်ခုအတွင်း ဝါရင့် ရှေ့နေတစ်ဦးဖြစ် သူ ကာပီလ်စီဘယ်လ် (Kapil Sibal) ၏ အငြင်းပွားဖွယ် မှတ်ချက်ကို တုန့်ပြန်သည့်အနေဖြင့် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရားရုံးချုပ်တွင် နိုင်ငံသားအက်ဥပဒေ အပိုဒ်ခွဲ ၆(က)ကို ကြားနာစစ်ဆေးမှု တစ်ခုအတွင်း ရှေ့နေဖြစ်သူ စီဘယ်လ်က အာသံပြည်နယ်သည် သမိုင်းကြောင်းအရ မြန်မာနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ဝါရင့် ရှေ့နေတစ်ဦးဖြစ်သူ ကာပီလ်စီဘယ်လ်ကို တွေ့ရစဉ်

၎င်း၏ ထွက်ဆိုချက်ကို တုန့်ပြန်သည့် အနေဖြင့် အာသံပြည်နယ်ဝန်ကြီးချုပ် ရှာမာက အိန္ဒိယ၏ အရှေ့မြောက် ပိုင်းရှိ အာသံပြည်နယ်သည် မည်သည့်အခါကမျှ မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ 

"ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းပါးသူတစ်ဦးက သူ့ရဲ့ အမြင်ကို ထုတ်ဖော်ပြသမှုဟာ ဘယ်လိုမှ မသင့်တော်ပါဘူး။ အာသံဟာ ဘယ်တုန်းကမှ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ပါဘူး" ဟု ရှာမာက ဒေါသတကြီး တုန့်ပြန်ခဲ့သည်။

ထို့ပြင် အာသံပြည်နယ် သိမ်းပိုက်ခံခဲ့ရသည့် ကာလအနည်းငယ်ရှိရုံမျှဖြင့် အာသံနှင့် မြန်မာအကြား မည်သည့်် ဆက်နွှယ်မှုမျှ မရှိကြောင်း ရှာမာက ပြောသည်။

အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမန်တာ ဘစ္စဝါ ရှာမာကိုတွေ့ရစဉ်

အာသံပြည်နယ်၏ လူဦးရေအတွင်း ရွှေ့ပြောင်းနေထိုင်သူများသည် သမိုင်းကြောင်းနှင့် တွဲစပ်လျက်ရှိကြောင်း၊ အာသံသည် မြန်မာနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်ခဲ့ကြောင်း၊ ထို့နောက် ဗြိတိန်က အာသံပြည်နယ်၏ ဒေသ အချို့ကို သိမ်းပိုက်ခဲ့ကြောင်း၊ ထို့ကြောင့် အာသံသည် ဗြိတိန်လက်အောက်သို့ ရောက်ရှိခဲ့ကြောင်း စီဘယ်လ်က တရားရုံးချုပ်တွင် နိုင်ငံသားအက်ဥပဒေ အပိုဒ်ခွဲ ၆(က)ကို ကြားနာစစ်ဆေးမှုအတွင်း ပြောကြားခဲ့သည်။

သို့သော် အာသံပြည်နယ်ဝန်ကြီးချုပ်ကမူ ဝါရင့်ရှေ့နေတစ်ဦးဖြစ်သူ စီဘယ်လ်က အာသံပြည်နယ်သည် တစ်ချိန် က မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ကြောင်း ပြောကြားခြင်းသည် အာသံပြည်နယ်၏ သမိုင်းကြောင်းကို လိုရာဆွဲပြီး ပုံဖျက်ပြောကြားနေခြင်းဖြစ်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။

Source: NorthEast Now