CNI International News
ဂိုလ်ပါရ ၊ ဇူလိုင် ၂၉
အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ရွေးကောက်ပွဲ မပြုလုပ်ခင် မကြာသေးမီ သီတင်းပတ်များအတွင်း မူဆလင် အိမ်ပေါင်း ၃၄၀၀ ကျော်ကို ဘူဒိုဇာများဖြင့် ဖျက်ဆီးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် ဘင်္ဂါလီ စကားပြောသည့် မွတ်ဆလင် မိသားစုများကို တရားမဝင် နေထိုင်သူများအဖြစ် စွပ်စွဲခဲ့ကြ သည်။
လာမည့်နှစ် အစောပိုင်းတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ ဟိန္ဒူအမျိုးသားရေး BJP ပါတီ ရွေးကောက်ပွဲ နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည့် အာသံပြည်နယ်၌ မွတ်ဆလင်များ၏ နေအိမ်များကို ဖျက်ဆီးနေခြင်းသည် ဘင်္ဂါလီ ဘာသာစကား ပြောသည့် မွတ်ဆလင်များအား ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများဟု တံဆိပ်ကပ်ပြီး နှိမ်နင်းနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
လုံခြုံရေးအဖွဲ့ဝင်များကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ မေလတွင် အာသံပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့သည့် ဟီမန်တာ ဘစ္စဝါ ဆာမာ (Himanta Biswa Sarma) ၏ ပြည်နယ်အစိုးရအဖွဲ့သည် လူပေါင်း ၅၀,၀၀၀ ခန့်ကို ပြည်နယ်အတွင်းမှ နှင်ထုတ်မှုကို ကြီးကြပ်ခဲ့ပြီး အများစုမှ ဘင်္ဂါလီမွတ်ဆလင်များဖြစ်သည်။
အချို့ကို တရားရေးအရ ပြန်လည်သုံးသပ်ခြင်းမရှိ၊ နိုင်ငံသား မဟုတ်သည့် အထောက်အထားများကို စစ်ဆေး ခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နှင်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုလုပ်ဆောင်မှုများသည် ရွေးကောက်ပွဲ မတိုင်မီ လူဝင်မှုနှင့် လူမျိုးရေးတို့အပေါ် မဲဆန္ဒရှင်များကြား အယူဝါဒ ကွဲပြားမှု ဖြစ်စေမည့် နိုင်ငံရေးစေ့ဆော်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ရေးသမားများနှင့် အတိုက်အခံ ပါတီများက ယူဆခဲ့ကြသည်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် နိုင်ငံတကာ စောင့်ကြည့်သူများက အိန္ဒိယနိုင်ငံသားများ အပါအဝင် ရာနှင့်ချီသည့် မွတ်ဆလင်များသည် အာသံ (Assam) ၊ ဂူဂျာရတ် (Gujarat) ၊ မဟာရက်ရှ်ထရာ (Maharashtra) ၊ ရာဂျက်စ်သန် (Rajasthan) နှင့် အခြား ပြည်နယ်များမှတဆင့် ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင် ပို့ဆောင်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လအတွင်း လူပေါင်း ၁၈၈၀ ခန့် နှင်ထုတ်ခံခဲ့ရပြီး ၎င်းတို့အနက် အိန္ဒိယနိုင်ငံသား ဖြစ်ကြောင်း ခိုင်လုံသည့် သက်သေ အထောက်အထားများ ပိုင်ဆိုင်ထားသူများလည်း ပါဝင်ကြောင်း ဝါရှင်တန်ပို့စ် မှ ဖော်ပြခဲ့သည်။
အာသံပြည်နယ်၏ ပြည်ပနိုင်ငံသားရေးရာခုံအဖွဲ့သည် ၂၀၂၅ ခုနှစ် အစောပိုင်းကလည်း လူပေါင်း ၁၆၅,၀၀၀ ကျော်ကို ဘောင်မဝင်သည့် ရွှေ့ပြောင်းနေထိုင်သူများအဖြစ် ကြေညာခဲ့ပြီး အများစုသည် ဘင်္ဂါလီ မွတ်ဆလင် များဖြစ်သည်
Source: ရိုက်တာ