CNI International News

ပြုံယမ်း၊ ဇူလိုင် ၂၉

တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး အဆိုပြုချက်ကို စိတ်မဝင်စားကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ၏ ညီမဖြစ်သည့် ကင်မ်ယိုဂျုံ (Kim Yo Jong) က ပြောကြားခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား၏ လစ်ဘရယ်သမ္မတ လီဂျေမြောင် (Lee Jae Myung) ၏ ငြိမ်းချမ်းရေး ချဉ်းကပ်မှုကို တုံ့ပြန်သည့်အနေဖြင့် သူမက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

တောင်နှင့် မြောက်ကိုရီးယားတို့သည် နယ်စပ်ဒေသများရှိ ၎င်းတို့၏ ဝါဒဖြန့် အသံချဲ့စက်များကို ပိတ်ခဲ့ပြီးနောက် ဆွေးနွေးညှိနှိုင်းဖွယ်ရှိသော အလားအလားများကို တောင်ကိုရီးယားမှ မျှော်လင့်နေသည့်တိုင် မြောက်ကိုရီးယားက ၎င်း၏ တင်းမာသည့် သဘောထားကို ပြသခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားက ခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

မြောက်ကိုရီးယား အာဏာရပါတီ၏ ထိပ်သီး အရာရှိတစ်ဦးဖြစ်သော ကင်မ်ယိုဂျုံက အမေရိကန်နှင့် ဆက်ဆံရေး တိုးမြှင့်နေသည့် တောင်ကိုရီးယားသမ္မတ လီ၏ လုပ်ဆောင်ချက်များသည် ယခင် သမ္မတ၏ သဘောထားနှင့် အတူတူပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တောင်ကိုရီးယားက စကားလုံးလေးတွေသုံးပြီး သူတို့လုပ်ရပ်တွေကို ဖုံးကွယ်နိုင်လိမ့်မယ်လို့ ထင်ထားတယ် ဆိုရင် အမှားကြီး မှားပါလိမ့်မယ်” ဟု ကင်မ်ယိုဂျုံက ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဇွန်လ ၄ ရက်က အာဏာရလာခဲ့သည့် တောင်ကိုရီးယားသမ္မတ လီသည် မကြာသေးမီ နှစ်များအတွင်းက တင်းမာမှုများ မြင့်တက်ခဲ့‌သော မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင် မည်ဟု ကတိပြုထားသည်။

လီသည် ၎င်း၏ သဘောထား ပျော့ပျောင်းမှုကို ပြသသည့်် အနေဖြင့် နယ်စပ်ဒေသရှိ မြောက်ကိုရီးယားအား ဆန့်ကျင်သော ဝါဒဖြန့်မှုများ ထုတ်လွှင့်နေသည့် အသံချဲ့စက်များကိုပိတ်ခြင်း၊ မြောက်ကိုရီးယားဘက်သို့ ဝါဒဖြန့် မိုးပျံပူဖောင်းများ လွှတ်တင်နေခြင်းကို တားမြစ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကူးဗြောင်ဆမ်ကို တွေ့ရစဉ်

ကင်မ်ယိုဂျုံကမူ လီ၏ အထက်ပါ လုပ်ဆောင်ချက်များသည် တောင်ကိုရီးယား၏ ဆိုးရွားသည့် လှုပ်ရှားမှုများကို ဖုံးကွယ်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ထိုလုပ်ဆောင်ချက်များသည် မိမိတို့ လေ့လာရလောက်သည်အထိ တန်ဖိုး မရှိကြောင်း ပြောကြားခဲ့သည်။

ကင်မ်ယိုဂျုံ ၏ မှတ်ချက် စကားများသည် မကြာသေးမီ နှစ်များအတွင်းက တောင်နှင့် မြောက်ကိုရီးယား နိုင်ငံများ ကြား ထိပ်တိုက်တွေ့သည့် မူဝါဒများ၏ အကျိုးဆက်များဖြစ်ပြီး နှစ်နိုင်ငံကြား ယုံကြည်မှု ပျက်ယွင်းနေသည်ကို ပြသရာရောက်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
 
တောင်ကိုရီးယားသည် မြောက်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် အားထုတ်ကြိုးပမ်းမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကူးဗြောင်ဆမ် (Koo Byoung-sam) က ပြောကြားခဲ့သည်။

Source: Reuters