CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၉

ထိုင်းစစ်တပ်သည် ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများ၌ ဓာတုလက်နက်များ အသုံးမပြုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားက ထိုင်းစစ်တပ်သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟု စွပ်စွဲခဲ့ခြင်းသည် အမှန်တရားကို တမင်တကာ ပုံဖျက်ပြောဆိုခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် နစ်ခွန်းဒက်ဂျ် ဘာလန်ကူရာ (Nikorndej Balankura) က ပြောကြားခဲ့သည်။

ထိုစွပ်စွဲချက်များသည် အဓိပ္ပာယ်မရှိဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေ ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နစ်ခွန်းဒက်ဂျ်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် နစ်ခွန်းဒက်ဂျ် ဘာလန်ကူရာကို တွေ့ရစဉ်

ထိုင်းနိုင်ငံသည် ဓာတုလက်နက်များ ကွန်ဗန်းရှင်း  (CWC) အရ မိမိတို့၏ တာဝန်များကို အပြည့်အဝ လေးစား လိုက်နာကြောင်း၊ ဓာတုလက်နက်များကို မည်သည့်နေရာတွင် မည်သူကမှ မည်သည့် အကြောင်းပြချက်နှင့်မဆို အသုံးပြုခြင်းကို ရှုတ်ချကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းသည် ၂၀၀၃ ခုနှစ်က CWC အဖွဲ့ဝင် ဖြစ်ခဲ့ပြီးနောက်ပိုင်း ဓာတုလက်နက်များ ပိတ်ပင်တားမြစ်ရေးအဖွဲ့ (OPCW) နှင့် အခြား သဘာတူညီချက်များနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မိမိတို့၏ ကတိတည်မှုကို ပြသခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ မှန်ကန်မှု မရှိသည့် စွပ်စွဲချက်များသည် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများကို ထိခိုက်စေပြီး နိုင်ငံတကာ တွင် ထိုင်း၏ ဂုဏ်သိက္ခာအား ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း  နစ်ခွန်းဒက်ဂျ် က ပြောကြားခဲ့သည်။

Source: The Nation