CNI News
၂၀၂၅ ခုနှစ်၊ မေ ၁၂
7 EAO Alliance က အဆိုပြုထားသည့် အသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းရေးကို နစက,က လက်ခံရန် နည်းသည်ဟု UEC မှာ ပါတီမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများက ပြောသည်။
နစကသည် ၎င်းတို့ ယခင်က စီစဉ်ထားသည့်အတိုင်းသာ ဆက်သွားနေမည်ဖြစ်သလို ရွေးကောက်ပွဲ ကျင်းပပြီး နောက်မှသာလျှင် အစိုးရတစ်ခုကို အသွင်ကူးပြောင်းရေးအစိုးရဟု နာမည်တပ်ကောင်း တပ်နိုင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “7 EAO တောင်းဆိုတဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ ဆိုတော့ SAC က သူရဲ့ မူလ ပုံစံအတိုင်းပဲ ဘောင်ဝင်တဲ့ အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်တော့ ဖော်ဆောင်ပေးနိုင်ပါတယ်။ လက်မခံနိုင်ရင်လည်း ခုနကလို SAC က သူ့ရဲ့ မူလ Plan အတိုင်းပဲ သွားနေမှာပေါ့လေ။ သူ့ရဲ့ ဒီရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကလည်း ကတိကဝတ် ထဲမှာ မူလကတည်းက ကြေညာထားတဲ့ ကြေညာချက်ထဲမှာ ပါနေတာကို။ ပါနေတာဆိုတော့ သူကတော့ ရွေးကောက်ပွဲလမ်းကြောင်းနဲ့ပဲ သွားနေမှာကို။ ဒီကြားထဲမှာကြားကာလအစိုးရ၊ အသွင်ကူးပြောင်းရေးအစိုးရ လက်ထဲမှာ သူယုံကြည်စိတ်ချတယ် သူ့ရဲ့လမ်းကြောင်း အတိုင်းပဲသွားလို့ရတဲ့ ပုံစံအတိုင်းပဲ ဖွဲ့စည်းမှာပဲ။ အဲတော့ ဘာဖြစ်သွားမလဲဆိုတော့ 7 EAO ကလည်း သူတို့ရဲ့ လိုလားချက် လိုအပ်ချက်ကို တောင်းဆိုတာပေါ့။ တောင်းဆို တာကို လိုက်လျောပေးမယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပိုပြီးတော့ အားကောင်းလာနိုင်တယ်လို့ ယူဆစရာရှိပေမယ့်လည်း 7 EAO အနေနဲ့လည်း ငြိမ်းချမ်းရေး ဖြစ်စဥ်ကလည်းပြီးတာ မဟုတ်ဘူးလေ။ SAC က သူ့ရဲ့မူလလမ်းကြောင်းတိုင်းပဲ သွားမှာပဲ။ လက်မခံဘူးဆိုရင်လည်းပဲ အများကြီးတော့ ပြောင်းလဲနိုင်ခြေမရှိဘူးပေါ့ လက်ခံနိုင်ရင်တော့ ပိုတော့ကောင်းတာပေါ့”ဟု ပြောသည်။
7 EAO Alliance အဖွဲ့က အဆိုပြုချက် ၅ ချက်ကို တွေ့ရစဉ်
အသွင်ကူးပြောင်းရေးအစိုးရဆိုသည့် စကားရပ်၏ ကျယ်ပြန့်မှုကို 7 EAO Alliance ဘက်က နစကအား အဓိပ္ပာယ် ဖွင့်ပေးရန် လိုအပ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “သူ့ရဲ့ ၆ လသက်တမ်းက လာမယ့် ဇူလိုင် ၃၁ မှာ ပြီးပါလိမ့်မယ် အဲတော့ ၆ လပြည့်တဲ့နေ့ကစပြီး နစက သည် ကျနော်တို့ ယူဆသလောက် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာအပ်နှင်းနိုင်ပါတယ်။ အဲတော့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ စီမံကွပ်ကဲမှုနဲ့ အခြေခံဥပဒေအရ အစိုးရတစ်ရပ်ပေါ်ထွန်းလာမှာပါ အဲ့ဒီအစိုး ရသည်လည်း အသွင်ကူးပြောင်းရေး အစိုးရတစ် ရပ်အဖြစ်ပုံပေါ်စေနိုင်ပါတယ် အဲ့ဒီလိုအစိုးရမျိုးကိုညွန်းသလား အဲ့ဒါဆိုရင် အခြေခံဥပဒေအရ နစက မဟုတ်တဲ့ အခြေခံဥပဒေအရ ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီက ခုနက တည်ဆောက်မဲ့အစိုးရ အဲ့ဒီအစိုးရကို အသွင်ကူး ပြောင်းရေးအစိုးရလို့ခေါ်မှာလား ကြားဖြတ်အစိုးရလို့ ခေါ်မှာ လား အခြေခံဥပဒေအရ နာမည်တခုက တော့ပေးဖို့ လိုအပ်တယ် သို့မဟုတ် အခြေခံဥပဒေနဲ့မသက်လျှင်းတဲ့ အသွင်ကူးပြောင်းတဲ့အစိုးရဆိုတာမျိုး သူ ဘက်ကရည် ညွန်းထားသလားဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့လိုပါလိမ့်မယ် နစက အနေနဲ့လည်းကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဖွဲ့စည်းပေးမယ့် အသွင်ကူးပြောင်းရေးအစိုးရလို့ အမည် တပ်နိုင်မဲ့ အစိုးရတစ်ရပ်ကို သူဘက်ကတော့ ပုံဖော်ပေးနိုင်တဲ့ အနေအထားရှိပါတယ်”ဟု ပြောသည်။
NSPNC နှင့် 7 EAO အဖွဲ့ကို တွေ့ရစဉ်
7 EAO Alliance သည် ဧပြီ ၂၈-၂၉ ရက်က အစည်းအဝေး ကျင်းပခဲ့ပြီးနောက် နစက အနေဖြင့် အကောင်အထည် ဖော်ပေးရန် အဆိုပြုချက် ၅ ချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ အဆိုပြုချက် ၅ ချက်မှာ (၁) ပဋိပက္ခတွင် ပါဝင်သူအဖွဲ့များအားလုံးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်း သတ်မှတ်ချက် မရှိဘဲ ပဋိပက္ခတွင်ပါဝင်သည့် အစုအဖွဲ့များအားလုံးက အပစ်ရပ်ကြေညာရန်၊ (၂) သက်ဆိုင်သူများအကြား ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ ကတိကဝတ်ပြုရန်၊ (၃) ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်၊ (၄) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရန်၊ (၅) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန် တို့ဖြစ် သည်။
7 EAO Alliance အဖွဲ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် RCSS၊ PNLO၊ NMSP၊ LDU၊ DKBA၊ KNU/KNLA-PC၊ ALPR (ALP ကို နာမည်ပြောင်းထား)တို့ပါဝင်ကြသည်။