CNI International News

မော်စကို၊ ဇူလိုင် ၆

အမေရိကန်နှင့် သူ၏ ကျေးဇူးခံ ကျေးဇူးစားများက ယူကရိန်းသို့ လက်နက်များ တင်ပို့နေခြင်းကို ရပ်တန်းက ရပ်မည်ဆိုပါက အထူးစစ်ဆင်ရေးကို သုံးလေးရက်အတွင်းမှာ အဆုံးသတ်သွားမည်ဟု ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev)က  ပြောသည်။

တာ့စ်သတင်းဌာန၏ မေးမြန်းမှုကို မက်ဗီဒက်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “နေတိုးထဲမှာ အဓိကအားဖြင့် အမေရိကန်နဲ့ သူ့သစ္စာခံတွေက ယူကရိန်းကို လက်နက်ခဲယမ်းတွေ ပို့နေ တာ ရပ်မယ်ဆိုရင် အထူးစစ်ဆင်ရေးကို သုံးလေးလအတွင်း အဆုံးသတ်မယ်။ တကယ်လို့ သူတို့က လက်နက် တင်ပို့မှုကို အခုရပ်မယ်ဆိုရင်တော့ အထူးစစ်ဆင်ရေးကို ရက်ပိုင်းအတွင်းမှာ အဆုံးသတ်မယ်”ဟု ပြောသည်။

ထို့နောက် “တကယ်တမ်းတော့ ကမ္ဘာစစ်ပွဲကြီး တစ်ပွဲကိုတောင် မြန်မြန်ဆန်ဆန် ရပ်ပစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးပြီး ရပ်တာမျိုး မဟုတ်ရင်လည်း ၁၉၄၅ တုန်းက အမေရိကန်တွေက ဂျပန်မြို့တွေဖြစ်တဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ မြို့တွေပေါ် အဏုမြူဗုံး ကြဲချတာမျိုးလည်း လိုက်လုပ်နိုင်တာပဲ။ အဲဒီလိုဆိုရင်လည်း စစ်ပွဲ တကယ်ပြီးသွားတာပါပဲ။ အရပ်သားပြည်သူ သုံးသိန်းလောက်တော့ ရင်းခဲ့ရတယ်ပေါ့”ဟု မက်ဗီဒက်က ထပ်လောင်း ပြောကြားခဲ့သည်။

နေတိုးအထွေထွေအတွင်းရေးမှူးနဲ့ ယူကရိန်း သမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်

ထို့အပြင် ရုရှားစစ်တပ်သည် တခြားသော စစ်တပ်များနည်းတူ ပြဿနာတချို့ကို ရင်ဆိုင်နေရသော်လည်း ခေတ်မှီပြီး ရဲရင့်ကြောင်း မက်ဗီဒက်က အလေးအနက် ပြောကြားသွားခဲ့ပါတယ်။

ယူကရိန်းသည် နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုနှင့် နေတိုးက ယူကရိန်းအား အဖွဲ့ဝင်ဖြစ်လာစေရေး လမ်းခင်း ပေးမှုများကြောင့် အိမ်နီးချင်းနိုင်ငံတွင် နေတိုးတပ်ဖွဲ့ အခြေစိုက်လာပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခံရ မည်ကို စိုးရိမ်၍ ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျူးကျော် တိုက်ခိုက်ခဲ့သည်။

ထိုကျူးကျော်စစ်ကို ရုရှားဘက်ကတော့ အထူးစစ်ဆင်ရေး တစ်ရပ်ဆင်နွှဲခြင်းဟု ပြောသည်။

Source: တာ့စ်