CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင် နေကြရသော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နေ ဒေသခံတိုက်ပွဲရှောင်များက နစက ဘက်ကနေ မိမိတို့အား အာမခံချက်ပေးနိုင်မှ နေရပ်ပြန်မည်ဟု ပြောသည်။

လက်ရှိတွင် ဘူးသီးတောင်မြို့နယ်မှ တိုက်ပွဲရှောင်များသည် စားနပ်ရိက္ခာ အထောက်အပံ့ မရရှိသည်မှာ တစ်နှစ် ကျော်ကြာပြီဖြစ်ကြောင်း၊ စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း၊ အကယ်၍ နေရပ်ပြန်ရမည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အာမခံချက်ရမှာ ပြန်လိုကြောင်း ဘူးသီးတောင်မြို့နယ် လမ်းမကျောင်း တိုက်ပွဲ ရှောင်စခန်းမှ ဦးဦးကျော်ဝင်းက ပြောသည်။

၎င်းက “ကျနော်တို့ စစ်ဘေးရှောင်တွေမှာက ဘဝအာမခံချက် အနာဂတ် မျှော်လင့်ချက်မဲ့သွားပြီ။ ကျနော်တို့ အခု နိုင်ငံတော်အစိုးရဆီကလည်း ဘာမှ အထောက်အပံ့ မရဘူး။ ကျနော်တို့ စားဝတ်နေရေးကအစ ကလေးတွေ ပညာရေး အကုန်ကင်းမဲ့သွားတာပေါ့။ နေရပ်ပြန်ဖို့က လက်ရှိ ကျနော်တို့ မူလနေခဲ့တဲ့ နေရာတွေမှာ စစ်တပ်က အမြဲနေရာယူထားတာဆိုတော့ နေရပ်ပြန်လို့ မရဘူးလေ။ တကယ်လို့ ပြန်ဖြစ်မယ်ဆိုလို့ရှိရင် ကျနော်တို့မှာ မူလ က နေခဲ့တဲ့အိမ် မီးရှို့တာတွေ ရှိတယ်။ ပျက်စီးတာတွေ ရှိတယ်။ အခုဆို သဘာဝဘေး ဒဏ်ကြောင့် ပျက်စီးသွား တာ တစ်ရွာလုံးနီးပါးရှိတယ်။ တစ်ရွာလုံးနီးပါးတော့ ပြိုကုန်ကြတယ်။ ကျနော်တို့ နေမယ့်နေရာတွေကို နိုင်ငံတော် အစိုးရက ကူညီထောက်ပံ့မှုတွေနဲ့ အိုးအိမ် တည်ဆောက်ပေးရမယ်။ စားဝတ်နေရေးတွေ အကုန်အဆင်ပြေ ကျန်းမာရေး၊ ပညာရေး အကုန်အဆင်ပြေအောင် လုပ်ပေးမယ်ဆိုပြီး အာမခံချက် ပေးမယ်ဆိုလို့ရှိရင် အကုန်လုံး ပြန်မယ်ဆိုပြီး ကျနော်တို့ ခံယူထားတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ဘူးသီးတောင်မြို့နယ်အ၀င်ကိုတွေ့ရစဉ် 

ဘူးသီးတောင်မြို့နယ်မှ တိုက်ပွဲရှောင်များကို အထောက်အပံ့ ပေးနေသည့် INGO/NGO အဖွဲ့အစည်းများအား အာဏာပိုင် အဖွဲ့အစည်းများက ပိတ်ပင်မှုများ ရှိခြင်းကြောင့် တိုက်ပွဲရှောင်များမှာ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဘူးသီးတောင်မြို့နယ်၊ မြတောင်တိုက်ပွဲရှောင်စခန်းမှ ဦးအောင်သိန်းထွန်းက CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “အခုလက်ရှိ အခြေနေကတော့ ကောင်းတာပေါ့။ ပစ်ရပ်ခတ်ရပ် ငြိမ်းချမ်းရေး ယူထားတာဆိုတော့ ကောင်းတာပေါ့။ စားဝတ်နေရေးက တော်တော်လေးကို အခက်အခဲရှိတာပေါ့။ ဘယ်ကမှ အထောက်အပံ့ ကူညီ မရဘူး။ တစ်နှစ်ကျော်ပြီ။ ဦးလေးအနေနဲ့ တောင်းဆိုချင်တာက စားနပ်ရိက္ခာက အဓိက မီးဖိုချောင်အတွက်ပဲ အဓိက လိုအပ်တယ်”ဟု ပြောသည်။

မိမိ၏ နေရပ်ကို တိုက်ပွဲရှောင်များ ပြန်ခြင်း/မပြန်ခြင်းမှာ နိုင်ငံရေး ပြေလည်ခြင်းအပေါ် မူတည်ကြောင်း၊ INGO/ NGO အဖွဲ့များက ထောက်ပံ့မှု ပြုလုပ်နေခြင်းများအပေါ် ပိတ်ပင်ထားခြင်းမှာ နစကဘက်မှ ခိုင်လုံသော အကြောင်း ပြချက်ကြောင့် ဖြစ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းထွန်းဦးက “အဓိကတော့ ဘာဖြစ်လာလဲဆိုရင် စစ်ပွဲတစ်ပွဲ ဖြစ်လာလို့ရှိရင် ဒီစစ်ပွဲကြားမှာ နေနေကြတဲ့ သာမန် ပြည်သူရဲ့ နေထိုင်တဲ့ ပုံမှန်လူမှုဘဝပါပဲ။ နေထိုင် အဆောက်အအုံ ပျက်စီးတယ်။ အဲဒီအပိုင်းကတော့ အစိုးရအနေနဲ့ ဘယ်လို Reach လုပ်မလဲပေါ့နော်။ တစ်ခုတော့ရှိတာက လူတွေကို ဘယ်လိုပြန်ခေါ်မလဲပေါ့နော်။ အဆောက်အဦ ဆောက်ပေးတဲ့ကိစ္စက သိပ်ပြီးတော့ ပြဿနာမရှိဘူး။ ဒါတောင်မှ နိုင်ငံတော်က ပေးနိုင်တဲ့ ဘတ် ဂျတ် အနေအထားပေါ် မူတည်ပြီး ဘယ်လိုလုပ်မလဲဆိုတဲ့ အဲဒီအပိုင်း တစ်ပိုင်းတော့ ရှိတာပေါ့နော်။ ဒါက တော့ လိုအပ်ချက်ရှိတယ်။ ဒါပေမယ့် သူတို့ စစ်ရှောင်ထားတဲ့ ဒေသတွေမှာ တပ်စွဲထားလို့ ပြန်လို့မရဘူးဆိုတဲ့ အချက် ကတော့ နည်းနည်းပြဿနာရှိတယ်။ ဘာလို့မပြန်ချင်တာလဲဆိုတဲ့ အပိုင်းက မေးစရာ ဖြစ်လာတာပေါ့။ အဲတော့ အဲဒီအပိုင်းကတော့ မေးခွန်းမေးမယ်ဆိုရင် မေးချင်စရာတွေက အများကြီးပဲ။ ပြေလည်မှု၊ မပြေလည်မှု ဘယ်လို ဖြစ်မလဲဆိုတာတော့ ဆက်စောင့်ကြည့်ဖို့ အနေအထားရှိပါလိမ့်မယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်က တိုက်ပွဲရှောင်စခန်းကိုတွေ့ရစဉ်

ထို့အပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို ပိတ်ပင်ထားခြင်းမှာ တစ်ဖက်က တိုက်ပွဲ ဖြစ်နေသည့် လက်နက်ကိုင်များကို သွယ်ဝှိုက်သောနည်းဖြင့် အထောက်အကူပြုခြင်းများ ရှိခြင်းကြောင့် ဖြစ်နိုင် ကြောင်း ဦးသိန်းထွန်းဦးက ပြောသည်။ 

၎င်းက “INGO/NGO ပြဿနာက အမြဲတမ်းရှိခဲ့ဖူးတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံမှာ လူသားချင်း စာနာထောက်ထားမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာတယ်။ ဝင်လာပေမယ့် အဲဒီအကူအညီတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဘက်က လက်နက်ကိုင်တွေကို သွားပြီး အထောက်အပံ့ သွယ်ဝှိုက်သောနည်းအားဖြင့် ဖြစ်သွားတာမျိုးရှိတယ်။ အဲဒါတွေကတော့ အစိုးရတစ်ရပ်အနေနဲ့ လက်နက်ကိုင်တွေကို ကူညီအားပေးနေတဲ့ အဖွဲ့လို့ သူတို့ယူဆတယ်။ ယူဆနိုင်လောက်တဲ့ လက္ခဏာမျိုးတွေ တွေ့ခဲ့ရင် သူတို့လက်ခံနိုင်မှာ မဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့တဲ့၂၀၂၂ခုနှစ်၊ သြဂုတ်လက တကျော့ပြန် တိုက်ပွဲကာလအတွင်းမှာ ဘူးသီးတောင်မြို့နယ် ရှိ တိုက်ပွဲရှောင်များကို နစကဘက်မှ ထောက်ပံ့ငွေ ၆ သိန်းနှင့် စားနပ်ရိက္ခာ သုံးလစာပေး၍ နေရပ်ပြန်ရန် စာရင်း ကောက်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်မှာ လမ်းမကျောင်း၊ မြတောင်၊ ဂန္ဓာရီနှင့် ရန်အောင်မြေ စသည့် တိုက်ပွဲရှောင်စခန်း ၄ ခုရှိပြီး လူဦးရေအားဖြင့် ၂၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် နေရပ်ပြန်သွားသူ တချို့ရှိကြကြောင်း တိုက်ပွဲရှောင်များက ပြောသည်။