CNI News

၂၀၂၂ ခုနှစ်၊ မေ ၂၀

လက်ရှိတွင် မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ၌ မိုးရွာသွန်းမှုများ ရှိနေသဖြင့် ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် စခန်းများ၌ နေထိုင်ရေးနှင့် စားသောက်ရေးတို့မှာ ခက်ခဲနေကြကြောင်း တိုက်ပွဲရှောင်စခန်းများက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် စခန်းအချို့တွင် လေပြင်း တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်အဆောင်များ ပြိုလဲပျက်စီးသွားသကဲ့သို့ မီးလောင်သွားမှုကြောင့် နေအိမ်အဆောင်များ လုံးဝ ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်။

ထိုပျက်စီး ဆုံးရှုံးသွားသည့် နေအိမ် အဆောင်များအား ပြန်လည် ဆောက်လုပ်နေကြောင်း၊ သို့သော် မပြီးစီးသေးသည့် အတွက် အခက်အခဲဖြစ်နေကြောင်း တိုက်ပွဲရှောင်စခန်းတစ်ခုမှ မအေးခိုင်က CNI သတင်းဌာနသို့ ပြောသည်။

မအေးခိုင်က “အခုချိန်မှာက ဦးစားပေးရမှာက အိမ်တွေလေ။ အိမ်တွေလုပ်တဲ့ အချိန်မှာ သူတို့ပေးတာက တစ်အိမ်ကိုမှ ဝါးတစ်ရာပဲ ပေးတယ်။ အိမ်တစ်အိမ် လုပ်ဖို့ဆိုတာက ဝါးတစ်ရာနဲ့ မလုံလောက်ဘူးလေ။ ဝါးနှစ်ရာ အနည်းဆုံး ဝါးသုံးရာလောက် လိုတယ်။ သူတို့ပေးတာနဲ့ မအေးခိုင်တို့မှာ လိုအပ်တာနဲ့ မကိုက်ညီဘူးလေ။ တချို့အိမ်တွေဆို အိမ်ခေါင်မိုးတွေ လန်တာလည်း ရှိတယ်။ ထရံတွေ မရှိတာလည်း ရှိတယ်။ သူတို့ပေးတဲ့ ဝါးတစ်ရာက မအေးခိုင်တို့ စခန်းတင် မဟုတ်ဘဲ တခြား စခန်းတွေလည်း မလုံလောက်ဘူး။ တချို့ဆိုရင် လာဦးမလားဆိုပြီး စောင့်နေသေးတယ် ဝါးကိုလေ။ မလုံဘူး။ အခု ချိန်က စားဝတ်နေရေးထက် အဆောင်လောက်ဖို့အတွက် ဝါးနောက်ထပ် တစ်ရာနဲ့ တာလဘက်ဆို အဆင်ပြေပါတယ်” ဟု ပြောသည်။

ပျက်စီးသွားသည့် တိုက်ပွဲရှောင်စခန်းများမှ နေအိမ် အဆောင်များထဲတွင် အချို့သည် ပြန်လည် ဆောက်လုပ်ပြီးဖြစ်သော်လည်း အချို့မှာ မ‌ဆောက်လုပ်ရသေးကြောင်း၊ မီးလောင်မှုကြောင့် နေအိမ် ၂၆၀ ကျော် ပျက်စီးသွားသည့် မဟာမုနိ တိုက်ပွဲရှောင် စခန်းတွင်လည်း နေအိမ်အဆောင် အလုံး ၄၀ ဝန်းကျင်သာ ဆောက်လုပ်ရသေး‌ကြောင်း သိရသည်။

မဟာမြတ်မုနိဘုရားကြီး ဘေးက တိုက်ပွဲရှောင်စခန်း

အဆိုပါ တိုက်ပွဲရှောင်များသည် မကြာခင်မှာ မိုးရာသီ ရောက်ရှိတော့မည် ဖြစ်သောကြောင့် မိုးမကြီးခင် နေအိမ် အဆောင်များ အပြီး ဆောက်လုပ်၍ အတည်တကျ နေချင်ကြကြောင်း မဟာမုနိတိုက်ပွဲရှောင် စခန်းတာဝန်ခံ ဦးသန်းထွန်းက CNI သတင်း ဌာနသို့ ပြောသည်။

မဟာမုနိတိုက်ပွဲရှောင် စခန်းတာဝန်ခံ ဦးသန်းထွန်းက “ဒါပေမယ့် ကျနော်တို့မှာကလည်း ဘယ်အဖွဲ့စည်းမှလည်း ငါတို့ ဆောက်ပေးမယ်ဆိုပြီး အာမခံ ကမ်းလှမ်းထားတာ တစ်ခုမှ မရှိသေးဘူးဆိုတော့ တပိုင်တနိုင် အလှူရှင်တွေအားနဲ့ပဲ တည်ဆောက်နေရတာ။ မိုးမထန်ခင် အိမ်ပြီးဖို့က အရေးကြီး နေတာကိုး။ ဆရာတော်တွေရဲ့ အားတစ်ခုနဲ့တော့ အကူအညီ တစ်ခု ရထားတယ်။ မဟာမြတ်မုနိဘုရားကြီး ဘေးနားမှာလည်း ဖြစ်နေတယ်ဆိုတော့ မဟာမြတ်မုနိဘုရားကြီး ဘေးနားမှာရှိနေတဲ့ ဓမ္မာရုံတွေကို အကူအညီ တောင်းပြီးတော့ အဲဒီနေရာကို ရွှေ့ပြောင်းကြတယ် မီးလောင်တဲ့ မိသားစုတွေ။ အိမ်ဆောက်ပြီးတဲ့ သူတွေကတော့ ပြီးပြီးချင်း ကိုယ့်အိမ်ကိုယ် ရွှေ့ပြောင်းပြီးတော့ လာနေကြတာပေါ့”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ၌ မိုးရွာသွန်းမှုများရှိနေပြီး နေအိမ် အဆောင်များအား မိုးရေထဲတွင် ဆောက်လုပ် နေကြခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

နေအိမ်ဆောက်လုပ်နေသော ရခိုင်တိုက်ပွဲရှောင်များ

ရခိုင်ပြည်နယ်မှ တိုက်ပွဲ‌ရှောင်စခန်းများသို့ ယခုလတွင် လူကယ်ပြန်ဝန်ကြီးဌာနမှ တစ်ဦးလျှင် ဆန်နို့ဆီဘူး ၁ လုံးကျ ပေး ကြောင်း၊ WFP မှ လစဉ် တိုက်ပွဲရှောင် တစ်ဦးလျှင် ၁၈၀၀၀ ကျပ် ပေးကြောင်း၊ သို့သော် အိမ်ဆောက်လုပ်ရာတွင် ဝါးများ မလုံလောက်သည့်အတွက် ထိုပိုက်ဆံဖြင့် ဆန်မဝယ်ပဲ ဝါးများ ဝယ်ရကြောင်း သိရသည်။

မဟာမုနိတိုက်ပွဲရှောင် စခန်းတာဝန်ခံ ဦးသန်းထွန်းက “ကျန်တဲ့ ရိက္ခာပေါ့ ဟင်းချိုတို့ အဲဒါတွေကိုတော့ ကျန်တဲ့ ဘယ်အဖွဲ့အစည်းကမှ ပုံမှန်ထောက်ပံ့တာတော့ မရှိဘူး။ ဟိုအရင်တုန်းက ICRC က ပေးတဲ့အချိန်ကတော့ ရိက္ခာ ၇ မျိုးထိ ပါတယ်။ အခု ICRC ကနေပြီးတော့ WFP ကို လွှဲပေးလိုက်ပြီဆိုတော့ WFP က လူတစ်ယောက်ကို တစ်လကို ၁၈၀၀၀ ထောက်ပံ့တယ်။ ၁၈၀၀၀ ဆိုတာက လူတစ်ယောက် ထမင်းတစ်နှပ် စားဖို့အတွက် ၃၀၀ လောက်ပဲ ရှိနေတယ်။ ၃၀၀ မှပဲ ၁၈၀၀၀ ဖြစ်မှာပေါ့ တစ်လကို။ ၃၀၀ လောက်နဲ့ အခု ကုန်ဈေးနှုန်းနဲ့ကတော့ ဘယ်လိုပဲ တွက်ကြည့်ကြည့် ဟာသလုပ်တဲ့ပုံစံမျိုး ဖြစ်နေတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဧပြီ ၂၀ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် တိုက်ပွဲရှောင် စခန်းအများစုရှိ နေအိမ် အဆောင်များ ပျက်စီးသွားခဲ့ကြောင်း၊ မေလ ၉ ရက်နေ့ နံနက် အစောပိုင်းကလည်း မဟာမုနိတိုက်ပွဲရှောင်စခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် နေအိမ် ၂၆၂ လုံး မီးထဲပါသွားခဲ့ကြောင်း သိရသည်။