CNI International News

ကိုဟီမာ၊ ဇူလိုင် ၆

အမျိုးသားဆိုရှယ်လစ်ကောင်စီ- ခပ္ပလန်(NSCN-K)ကနေ ထုတ်ပယ်ခံလိုက်ရသည့် အန်းမိုင်နှင့် လန်ညေးတို့သည် အဖွဲ့အစည်း အသစ်တစ်ခုကို ထူထောင်လိုက်ခြင်းကြောင့် ထိုအဖွဲ့သစ်အားဖျက်သိမ်းပြီး လက်နက်ချရန် NSCN-K ၏ ဥက္ကဋ္ဌ ယုံးအောင်(Yung Aung)က အမိန့် တစ်ရပ် ထုတ်ပြန် ကြေညာခဲ့သည်။

NSCN-K ကို ခပ္ပလန်က ဦးဆောင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် ခမ်းငေါ်ကို ဥက္ကဋ္ဌ တင်မြှောက်ကာ နာဂနိုင်ငံရေးကို ဆက်လက် လျောက်လှမ်းခဲ့ကြကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၈ ရက်တွင် ခမ်းငေါ်ကို ဖြုတ်ချ၍ ယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

ထို့ကြောင့် NSCN-K ကို NSCN-K/YA ဟု နောက်ပိုင်း ခေါ်ခဲ့ကြသည်။

“NSCN/GPRN က အထုတ်ပယ်ခံရတဲ့ အဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့ မစ္စတာ အန်းမိုင်းနဲ့ မစ္စတာ လန်ညေးတို့က ဂိုဏ်းအသစ်တစ်ခုကို ထူထောင်လိုက်တယ်ဆိုတာကို ပြတ်ပြတ်သားသား ငြင်းဆန်ပယ်ချလိုက်တယ်”ဟု NSCN-K/YA ၏ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားသည်။  

ထို့အပြင် NSCN-K/YA က ထုတ်ပယ်ခံရသည့် အဖွဲ့ဝင်ဟောင်းများဖြစ်ကြသော အန်းမိုင်နှင့် လန်ညေးတို့ကိုလည်း အိန္ဒိယထောက်လှမ်းရေးက NSCN/GPRN ကို တန်ပြန်ရန်အတွက် အသုံးချနေသည်ဟု တံဆိပ်ကပ်ခဲ့သည်။ 

ယုံးအောင်နဲ့ အက်စ်အက်စ်ခပ္ပလန်ကို တွေ့ရစဉ်

“လူထုက အကောင်းဆုံးကြိုးစားပြီး အကြိမ်ကြိမ် မေတ္တာရပ်ခံနေတဲ့ကြားက ဒီအထုတ်ခံရတဲ့ အဖွဲ့ဝင်တွေက သွေးစွန်းတဲ့ အကြမ်းဖက်မှုလမ်းကြောင်းကို လျှောက်ဖို့ ရွေးချယ်သွားကြတာ အကြီးအကျယ် စိတ်ပျက်ရပါတယ်” ဟု NSCN-K/YA က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။  

ထို့နောက် “ဒီအုပ်စုဟာ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်ကို ကျောခိုင်းပြီး အပြစ်မဲ့ပြည်သူတွေကို လိမ်လည်လှည့်ဖြားနေတာကို ရပ်တန်းကရပ်ရမယ်။ မဟုတ်ရင် ဖြစ်လာသမျှ အကျိုးဆက်တွေအတွက် နာဂ ပြည်သူတွေကို တာဝန်ခံရလိမ့်မယ်”ဟုလည်း ထုတ်ပြန်ချက်မှာ ထပ်လောင်း ပြောကြားထားသည်။ 

အန်းမိုင်နှင့် လန်ညေးသည် NSCN-K/AM  ဆိုသော အဖွဲ့အစည်း အသစ်ကို ထူထောင်၍ နာဂနိုင်ငံရေးကို ဆောင် ရွက်မည်ဟု ထုတ်ပြန်ထားသည်။

ယုံးအောင် ဦးဆောင်သည့် NSCN-K/YA က “ဘယ်လိုပဲ စွပ်စွဲ ဝါဒဖြန့်နေဦးတော့ သူတို့ရဲ့ အမှားတွေကို မဖာထေး နိုင်ဘူး။ ကွယ်လွန်သွားတဲ့ဥက္ကဋ္ဌ အက်စ်အက်စ်ခပ္ပလန်ရဲ့ လမ်းကြောင်းကို လိုက်လျှောက်မယ်ဆိုတဲ့ လန်ညေးရဲ့ သွေးရူးသွေးတန်း ပြောကြားချက်ဟာလည်း အကြွားသက်သက် အလိမ်အညာတွေချည်းပဲ”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။  

ယုံးအောင်ရဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်

အရှေ့နာဂပြည်သူများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့များက ထိုအုပ်စုနှင့် သူတို့၏ လုပ်ရပ်များကို ရှုတ်ချဖို့ အခိုင်အမာ ဆုံးဖြတ်သည့်အပေါ်မှာလည်း တန်ဖိုးထား အသိအမှတ်ပြုသည်ဟု NSCN-K/YA က ထုတ်ပြန် ခဲ့သည်။ 

ထုတ်ပယ်ခံရသည့် အဖွဲ့ဝင်များနှင့် သူတို့ဂိုဏ်းကို ဖျက်သိမ်းပြီး လူထုရှေ့မှောက်မှာ သူတို့ကိုယ်တိုင် လက်နက်ချရ မည်ဖြစ်ကြောင်း၊ ထိုနည်းလမ်းကသာ ရှေ့ဆက်သွားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း  ယုံးအောင်က တောင်းဆိုထားသည်။ 

Source: NorthEast Now