CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆

မိခင်အဖွဲ့အစည်းကနေ ထုတ်ပယ်ခံလိုက်ရသော ဗိုလ်ချုပ်ကြီး အန်းမိုင်ဦးဆောင်သည့်အဖွဲ့ကို အသုံးချ၍ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ-ခပ္ပလန်/ယုံးအောင် (NSCN-K/YA)ကို အိန္ဒိယအစိုးရက ဖြိုခွင်းရန် လုပ်နေ သည် NSCN-K/YA ဥက္ကဋ္ဌ ဦးယုံးအောင်က ဇူလိုင် ၄ ရက်နေ့စွဲဖြင့် ကြေညာချက် တစ်စောင်ထုတ်ပြန် ပြောကြားလိုက် သည်။

ထုတ်ပယ်ခြင်းခံထားရသည့် ဦးအန်းမိုင်နှင့် ဦးလန်ညေးတို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့တွင် နာဂ လက်နက်ကိုင်အဖွဲ့အစည်းသစ် တစ်ရပ်ကို ထူထောင်ခဲ့ကြောင်း၊ ထိုသို့ နာဂလက်နက်ကိုင် အဖွဲ့အစည်းသစ် ထူထောင်ခြင်းကို မိမိတို့ NSCN/GPRN မှ အတိအလင်း ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

NSCN-K/YA ဥက္ကဋ္ဌ ဦးယုံးအောင်က “ ယင်းဖြစ်ရပ်အား ကြည့်မည်ဆိုပါက အိန္ဒိယအစိုးရ ထောက်လှမ်းရေးမှ NSCN/GPRN အား ဖြိုခွင်းရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ လက်ကိုင်တုန်များဖြစ်သည့် အဆိုပါ ပုဂ္ဂိုလ်များအား အသုံးချ လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ နာဂအမျိုးသားရေး ရှေးရှုကာ ဦးဆောင်နေသည့် တော်လှန်ရေး အဖွဲ့ အစည်း တစ်ရပ်အနေနှင့် ဤဖြစ်ရပ်သည် အရှေ့နာဂဒေသရှိ နာဂလူမျိုးများ၏ လိုလားသည့် ဒေသတွင်း တည် ငြိမ်အေးချမ်းရေးကို ထင်ရှားစွာ ဆန့်ကျင်လုပ်ဆောင်ချက်ဖြစ်ပြီး မိမိတို့၏ အမျိုးသားရည်မှန်းချက်အား ပြောင် ပြောင်တင်းတင်း ခြိမ်းခြောက်နေကြောင်း မိမိတို့ NSCN/GPRN မှ မှတ်ယူပါသည်”ဟု ပြောသည်။

ဦးအန်းမိုင်သည် NSCN-K ကို ဦးခပ္ပလန်(ကွယ်လွန်) ဦးဆောင်စဉ်က ဗိုလ်ချုပ်ကြီးရာထူးဖြစ် ဦးခပ္ပလန်၏ ကိုယ်ရေးအရာရှိ အဖြစ်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ 

 ဗိုလ်ချုပ်ကြီးအန်းမိုင်နဲ့ ဗိုလ်ချုပ် လန်ညေးကို ထုတ်ပယ်ကြောင်း စာကိုတွေ့ရစဉ်

ထို့နောက် ဗိုလ်ချုပ်ကြီး အန်းမိုင်နှင့် ဗိုလ်ချုပ် လန်ညေးတို့ ဦးဆောင်၍ ဦးယုံးအောင် ဦးဆောင်သည့် NSCN-K/YA ကနေ ခွဲထွက်ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ခပ္ပလန်/အန်းမိုင်(NSCN-K/AM)ဆိုသော အဖွဲ့သစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့မှာ ထူထောင်ခဲ့သည်။

NSCN-K/YA ဥက္ကဋ္ဌ ဦးယုံးအောင်က “၎င်းတို့အဖွဲ့အနေဖြင့် လက်ရှိ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လုပ်ရပ် များကို စွန့်လွှတ်ရမည်ဖြစ်ပြီး ပြည်သူလူထုအပေါ် လှည့်ဖြားသည့် ဤလုပ်ရပ်အား ရပ်တန့်ရမည်ဖြစ်သည်။ 

သို့မဟုတ်ပါက လက်ရှိ ၎င်းတို့၏ လုပ်ရပ်နှင့်နောက်ဆက်တွဲ ပြဿနာများအတွက် နောင်အနာဂတ်တွင် နာဂ ပြည်သူများအပေါ် တာဝန်ခံရမည်ဖြစ်သည်”ဟု ဇူလိုင် ၄ ရက်နေ့တွင် ထုတ်ပြန် ပြောကြားခဲ့သည်။

ထို့နောက် ဦးလန်ညေး အနေဖြင့် ဆုံးပါးသွားပြီဖြစ်သည့် အဘဦးခပ္ပလန်၏ အရိုက်အရာတိုင်း လိုက်လျှောက် နေကြောင်း တဖွဖွပြောဆိုနေခြင်းမှာ လက်တွေ့တွင် ဗလာနတ္ထိဖြစ်ပြီး ပြည်သူများအား လိမ်လည်လှည့်ဖြားနေ ခြင်းသာ ဖြစ်သည်ဟု ထိုထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့ကြောင့် ၎င်းတို့အဖွဲ့အနေဖြင့် ယနေ့မှစ၍ ၎င်းတို့၏ လုပ်ရပ်များအား ရပ်တန့်ကာ ပြည်သူ့ရှေ့မှောက်တွင် လက်နက်ချ ခိုလှုံခြင်းသာလျင် အကောင်းဆုံးသော နည်းလမ်းဖြစ်မည်ဟု အသိပေးကြောင်း ဦးယုံးအောင်က ပြော သည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ခပ္ပလန်(NSCN-K)သည် မြန်မာနိုင်ငံတွင် အခြေစိုက်၍ နာဂလူမျိုးများ လွတ်မြောက်ရေးနှင့် နာဂနိုင်ငံ ထူထောင်နိုင်ရေး အိန္ဒိယအစိုးရကို တော်လှန်နေသည့် နာဂလက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ခွဲထွက်သွားသည့် ဗိုလ်ချုပ်ကြီးအန်းမိုင်အဖွဲ့ကို တွေ့ရစဉ်

အဆိုပါ NSCN-K ကို ဦးခပ္ပလန်က ဦးဆောင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ဦးခပ္ပလန်သည် ကွယ်လွန်သွားခဲ့ခြင်းကြောင့် ဒုဥက္ကဋ္ဌ ဦးခမ်းငေါ်ကို ဥက္ကဋ္ဌအဖြစ် NSCN-K အဖွဲ့အတွင်း တင်မြှောက်ခဲ့သော် လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၅ ရက်မှ ၁၇ ရက်နေ့အထိ NSCN-K အတွင်း အစည်းအဝေးတစ်ရပ် ကျင်းပကာ ဦးခမ်းငေါ် ကို  ဖြုတ်ချခဲ့သည်။

ထို့နောက် ဦးခပ္ပလန်၏ တူဖြစ်သူ အိန္ဒိယနိုင်ငံ၊ မဏိပူရ်တက္ကသိုလ်ထွက် ဦးယုံးအောင်ကို NSCN-K ဥက္ကဋ္ဌ အဖြစ် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့တွင် တင်မြှောက်ခဲ့ကြသည်။

ဦးယုံးအောင် NSCN-K ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်အတွင်းမှာ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီကီဆူမီနှင့် သဘောထား ကွဲလွဲခဲ့ပြီးနောက် နီကီဆူမီ ဦးဆောင်သည့်အဖွဲ့က ခွဲထွက်၍ NSCN-K/NK ဆိုသော အဖွဲ့ကို ထူထောင်ကာ အိန္ဒိယအစိုးရနှင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့မှာပဲ ငြိမ်းချမ်းရေးယူခဲ့သည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးအန်းမိုင်နှင့် ဗိုလ်ချုပ် လန်ညေး တို့က ခွဲထွက်၍ NSCN-K/AM ဆိုသော နာဂလက်နက်ကိုင် အဖွဲ့သစ်ကို ထူထောင်ခဲ့သည်။