CNI International News

ဘန်ကောက်၊ ဇူလိုင် ၆

ဝန်ကြီးချုပ်အသစ် ရွေးကောက်တင်မြှောက်ရေး မဲပေးဖို့အတွက် ပူးတွဲလွှတ်တော်တစ်ရပ်ကို ယနေ့ (ဇူလိုင် ၆ ရက်)နံနက် ၉ နာရီခွဲတွင် ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမတ် နူး မာသာက ပြောသည်။ 

အထက်လွှတ်တော်ဥက္ကဋ္ဌ ပွန်ပတ် ဝီချီချိုချိုင်းနှင့် ညှိနှိုင်းတိုင်ပင်ပြီး လွှတ်တော်ရက်ကို သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ပါလီမန်ဥက္ကဋ္ဌဟောင်း မစ္စတာဝမ်က ပြောသည်။ 

ရွေးကောက်ခံ အောက်လွှတ်တော်အမတ် ၅၀၀ နှင့်အတူ ဖွဲ့စည်းပုံအရ မဲပေးပိုင်ခွင့်ရှိသည့် ခန့်အပ် အထက် လွှတ်တော်အမတ် ၂၅၀ လည်း ပါဝင်မဲပေးကြမှာ ဖြစ်သည်။ 

ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်မည့် ဇူလိုင် ၁၃ ရက် မဲပေးမှုသည် ချက်ချင်းလက်ငင်းလည်း ပြီးပြတ်သွား နိုင်သလို ပြီးချင်မှလည်း ပြီးမည်ဟု မစ္စတာဝမ်က ပြောသည်။ 

ဝန်ကြီးချုပ်သစ်သည် ပူးတွဲလွှတ်တော်မှာ ထောက်ခံမဲ ၃၇၆ မဲရရန် လိုအပ်ကြောင်း၊ အကယ်၍  ရလဒ် မပြတ်သား ခဲ့ရင် နောက်ထပ် မဲခွဲဖို့ကို စီစဉ်ရဦးမှာ ဖြစ်သည်ဟု ပြောသည်။ 

“ဝန်ကြီးချုပ်ကို ခန့်အပ်ပြီးသည်အထိ လွှတ်တော် ခေါ်ယူသွားမှာပါ။ မစ္စတာပီတာဟာ တစ်ဦးတည်းသော ဝန်ကြီးချုပ်လောင်း မဟုတ်ပါဘူး”ဟု မစ္စတာဝမ်က Move Forward Party(MFP)၏ ခေါင်းဆောင် ပီတာ လင်ဂျရုန်းရတ်ကို ရည်ညွှန်း ပြောကြားခဲ့သည်။ 

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ်မူဟာမတ်နူးမာသာကို တွေ့ရစဉ်

“မစ္စတာပီတာကို သဘောတူ ထောက်ခံရင်လည်း ထောက်ခံမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝန်ကြီးချုပ်သစ်ကိုတော့ ရွေးကို ရွေးရမှာပါ။ ဖွဲ့စည်းပုံအရ အစိုးရတစ်ရပ်အတွက် ဝန်ကြီးချုပ်တစ်ယောက် ရွေးကောက်တင်မြှောက်ပေးဖို့ ပါလီမန်မှာ တာဝန်ရှိတယ်။ နိုင်ငံမှာ ဝန်ကြီးချုပ်မရှိလို့ မဖြစ်ဘူး”ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ်က ပြောသည်။ 

မေလ ၁၄ ရက်က အထွေထွေရွေးကောက်ပွဲမှာ မစ္စတာပီတာ၏ MFP မှ အမတ်နေရာ အများစုကို အနိုင်ရထား သည်ဟု အစိုးရဖွဲ့ရန် ဦးစားပေး အနေနှင့် ကြိုးစားခွင့်ရှိသည်။ 

ပထမ ဒုဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံခဲ့ရသည့် MFP အမတ် ပါဒီပတ်စွန်တီဖာဒါကို ဇူလိုင် ၄ ရက်နေ့က မဲပုံအော ပေးခဲ့ကြခြင်းကို အခြေခံပြီး လာမယ့် ရက်သတ္တပတ်မှာ ညွန့်ပေါင်း ၈ ပါတီသည် မစ္စတာ ပီတာကို ဝန်ကြီးချုပ် ခန့်အပ်ရန် ထောက်ခံမဲ ၃၁၂ မဲအား စုဆောင်းနိုင်ခဲ့သည်ဟု မစ္စတာဝမ်က ပြောသည်။ 

အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲ ပြည့်မှီဖို့ နောက်ထပ် ၆၄ မဲသာလိုအပ်သည်။

အကယ်၍ ပထမအကြိမ်မှာ မစ္စတာပီတာကို မဲမပေးခဲ့ကြဘူးဆိုရင် ကနဦး အဆိုပြုထားသည့် ပုဂ္ဂိုလ် (သို့မဟုတ်) ဝန်ကြီးချုပ်လောင်း အသစ်တစ်ယောက်ကို ပူးတွဲလွှတ်တော်မှာ အမည်စာရင်း တင်သွင်းပေးရမည်ဟု ဖွဲ့စည်းပုံက ညွှန်ကြားမထားဘူးပေ။  

သို့သော်လည်း ဝန်ကြီးချုပ်လောင်းများသည် ကနဦး ရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထားပြီးသားသူများ ထဲမှသာ ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ၏ ဝန်းကြီးချုပ်လောင်း စာရင်းမှာလည်း အမည်ပေါက် ဖြစ်ရမည် ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းစားနေတဲ့ ပီတာကိုတွေ့ရစဉ်

စာရင်းဝင်ထားသူ အားလုံးသည် အောက်၊ အထက် လွှတ်တော်နှစ်ရပ်စလုံး၏ ထောက်ခံမှုကို မရသည့်အခါမှသာ ပြင်ပ ဝန်ကြီးချုပ်လောင်းကို အဆိုပြုနိုင်ကြောင်း၊ သူသည်လည်း ပူးတွဲလွှတ်တော်မှာ အနည်းဆုံး သုံးပုံနှစ်ပုံ ထောက်ခံမဲ ရရမည်ဟု မစ္စတာဝမ်က ပြောပါတယ်။ 

ပူးတွဲလွှတ်တော်က ပထမအကြိမ် အစည်းအဝေးမှာ နောက်ဝန်ကြီးချုပ်ကို ရွေးကောက်နိုင်ခြင်း မရှိခဲ့ပါက နောက် တစ်ကြိမ် မဲပေးပွဲကတော့ အခြေအနေပေးမှုနှင့် သက်ဆိုင်ရာပါတီများ၏ သဘောထားအပေါ်မှာ မူတည်နေသည် ဟု ပြောသည်။ 

“အခြေအနေလည်း ပေးရမယ်၊ အဆင်လည်း သင့်ရမယ်ပေါ့။ အထူးသဖြင့် လွှတ်တော်အမတ်တွေ တက်ရောက်နိုင် မှုပေါ့။ အမတ်တွေ တက်ဖို့ အဆင်သင့် မဖြစ်ဘူးဆိုရင်တော့ လွှတ်တော်လည်း အထမြောက်မှာ မဟုတ်ဘူး”ဟု မစ္စတာဝမ်က ပြောသည်။

MFP ခေါင်းဆောင် ပီတာသည် ၈ ပါတီ ညွန့််ပေါင်း၏ ဝန်ကြီးချုပ်လောင်းအဖြစ် အလေးသာ နေသော်လည်း  ကွယ်လွန်သူ ဖခင်ကြီး၏ အိမ်ခြံမြေကုမ္ပဏီ အစိတ်အပိုင်းဖြစ်သည့် iTV Plc က ရှယ်ယာများနှင့် ဆက်နွယ်ပြီး နိုင်ငံရေးရာထူးအတွက် မေးခွန်းထုတ်မှုများ ခံနေရသည်။ 

ထိုင်းဖွဲ့စည်းပုံတွင် မီဒီယာကုမ္ပဏီ ရှယ်ယာရှင် တစ်ယောက်သည် အထွေထွေရွေးကောက်ပွဲမှာ ယှဉ်ပြိုင် အရွေးခံ ခွင့်မရှိကြောင်း ပိတ်ပင်ထားသည်။

Source: ဘန်ကောက်ပို့စ်