CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၈

ထိုင်းလစ်ဘရယ်ခေါင်းဆောင် ဆရီပီဆတ် တမီယာဗတ် (Sereepisuth Temeeyaves)အား ချတ်ထိုင်းပတ္တနား ပါတီ (Chart Thai Pattana)ကို ဆက်သွယ်၍ မိမိတို့ ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ကို နောက်တက်မည့် ဝန်ကြီးချုပ်အဖြစ် မဲပေးရန် စည်းရုံးပေးဖို့ Move Forward (MFP)ပါတီက တောင်းဆိုခဲ့သည်။ 

ချတ်ထိုင်းပတ္တနားပါတီကို ညွန့််ပေါင်းအစိုးရထဲတွင် တစ်နေရာ ပါဝင်ဖို့လည်း Move Forward ပါတီက ကမ်းလှမ်း ခဲ့သည်ဟု ချတ်ထိုင်းပတ္တနားပါတီ ခေါင်းဆောင် ဗာရာဝတ် ဆီပါအာချာ (Varawut Silpa-archa)က ဇူလိုင် ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

MFP ပါတီက မိမိကို ၎င်းတို့ကိုယ်စား ပြောပေးရန် ဆက်သွယ်လာခဲ့ကြောင်း၊ ဗာရာဝတ်က မဲအပြောင်းအလဲကို သူတစ်ယောက်တည်း ဆုံးဖြတ်၍ မရကြောင်း၊ ပါတီခေါင်းဆောင်ပိုင်းနှင့် တိုင်ပင်ပြီး ဖုန်းပြန်ခေါ်မည်ဟု ပြန်ကြား ခဲ့ကြောင်း ဆရီပီဆတ်က ပြောသည်။

ပထမအကြိမ် ပူးတွဲလွှတ်တော်တွင် မဲပေးရာတွင် MFP ပါတီ၏ ဘုရင်အားစော်ကားမှုကို တားမြစ်သည့်ဥပဒေကို ပြင်ဆင်မည့် ရပ်တည်ချက်အား ဆန့်ကျင်သောကြောင့် အမတ် ၁၀ နေရာရသည့် ဗာရာဝတ်ပါတီက ပီတာကို ဝန်ကြီးချုပ်လောင်းအဖြစ် မထောက်ခံခဲ့ပေ။ 

ထိုင်းလစ်ဘရယ်ခေါင်းဆောင် ဆရီပီဆတ် တမီယာဗတ် ကိုတွေ့ရစဉ်

ပြင်ဆင်ချက်အပေါ် ပါတီ၏ ရပ်တည်ချက်မှာ မပြောင်းလဲသော်လည်း ပီတာ၏ အစိုးရထဲ ပါဝင်ရန် ဖိတ်ခေါ်သည် ဆိုလျှင်မူ စဉ်းစားမည့်သဘော ဖြေကြားခဲ့သည်ဟု ဗာရာဝတ်က ပြောသည်။ 

ဇူလိုင် ၁၉ ရက်နေ့တွင် ပူးတွဲလွှတ်တော် နောက်တစ်ကြိမ် ပြန်ခေါ်မည်ဖြစ်ပြီး ပီတာအား နောက်တစ်ကြိမ် အဆို ပြုမှုကို ပြန်လည် မဲခွဲကြမည်ဖြစ်သည်။ 

ထိုင်းမီဒီယာတချို့တွင်မူ ပီတာ အပါအဝင် MFP ပါတီ၏ အဓိက အဖွဲ့ဝင်များက ပီတာ(Pita Limjaroenrat)ကို နောက်တက်မည့် ဝန်ကြီးချုပ်အဖြစ် ထောက်ခံရေး လက်ရှိအစိုးရအဖွဲ့ဝင်များကိုရော၊ အထက်လွှတ်တော် အမတ်များကိုပါ ဆက်သွယ်ခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။ 

ပီတာနှင့် ပူးပေါင်းရေးကို MFP ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် ချိုင်သာဝပ်တူလသွန်က ဦးဆောင် လှုပ်ရှား နေသည်။

ချတ်ထိုင်းပတ္တနားပါတီ ခေါင်းဆောင် ဗာရာဝတ် ဆီပါအာချာကို တွေ့ရစဉ်

ထို့နောက် ဇူလိုင် ၁၃ ရက် မဲပေးစဉ်တုန်းက ဆန့်ကျင်မဲ ပေးခဲ့သည့် (သို့မဟုတ်) မဲမပေးဘဲ နေခဲ့သည့် အထက် လွှတ်တော် အမတ်များကိုပါ ဖုန်းခေါ်၍ စည်းရုံးရေး ဆင်းခဲ့သည်။ 

ပီတာ၏ ပထမဆုံးအကြိမ် ကြိုးစားမှုမှာ လုံလောက်သည့် ထောက်ခံမဲ မရ၍ အရေးနိမ့်သွားခဲ့သည်။ 

အောက်အမတ် ၅၀၀ နှင့် အထက်အမတ် ၂၅၀ တို့၏ ပူးတွဲလွှတ်တော်တွင် ပီတာသည် လိုအပ်သည့် ထောက်ခံမဲ ၃၇၆ မဲတွင် ၃၂၄ မဲသာ ရခဲ့သည်။ 

တက်ရောက် လာကြသည့် အမတ်များအနက် ၁၈၂ ယောက်က ဆန့်ကျင်မဲပေးခဲ့ပြီး ၁၉၉ ယောက်က မဲမပေးဘဲ နေခဲ့သည်။ 

Source: Thai PBS