CNI International News

မော်စကို၊ ဇူလိုင် ၁၈

ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ခရိုင်းမီးယား နှင့် ဆက်ထားသည့် ရုရှားဖက်မှ တံတားပြိုကျသွားပြီးနောက် နာရီ ပိုင်းအကြာတွင် ရုရှားက ယူကရိန်းအား  ပင်လယ်နက်ကို ဖြတ်သန်းပြီး ဂျုံစေ့များ တင်ပို့မှုကို ခွင့်ပြုထားသည့် ကုလကမကထပြု စာချုပ်၌ ပါဝင်မှု ရပ်ဆိုင်းလိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ 

မော်စကို၏ အလိုအရ ယူကရိန်းတွင် တိုက်ပွဲဝင်နေသည့် ရုရှားတပ်ဖွဲ့များအတွက် ပင်မ အသက်သွေးကြော သဖွယ်ဖြစ်သည့် လမ်းတံတားအား အကြမ်းဖက် တိုက်ခိုက်မှု၌ အရပ်သား ၂ ယောက် သေဆုံးခဲ့သလို မိန်းကလေး ငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“တကယ်တော့ ပင်လယ်နက် သဘောတူညီချက်တွေဟာ ဒီနေ့မှာ တရားမဝင်တော့ပါဘူး။ ကံမကောင်းစွာပဲ ဒီသဘောတူညီချက်တွေမှာ ရုရှားနဲ့ ပတ်သက်တဲ့အပိုင်းကို အခုထိ အကောင်အထည် မဖော်သေးပါဘူး။ အဲဒီတော့ သူ့ရဲ့ တရားဝင်မှုဟာလည်း အဆုံးသတ်သွားခဲ့ပါပြီ”ဟု ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စကော့(Dmitry Peskov )က သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ဓာတ်ပုံများထဲတွင်မူ လမ်းတံတား အပိုင်းတစ်ပိုင်းမှာ ပြိုကျနေပြီး ကားများ ရပ်တန့်နေသည်ကို မြင်ရသော်လည်း အပြိုင် မီးရထားလမ်းတံတားမှာမူ အသုံးပြု၍ ရနေဆဲ ဖြစ်သည်။ 

အရုဏ်တက် အချိန်တွင် ၁၂ မိုင်အရှည်ရှိ တံတားပေါ်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားကြောင်း သတင်းပို့လာခဲ့သည်ဟု ပက်စကော့က ပြောသည်။ 

ဂျုံစေ့ ရိတ်သိမ်းနေစဉ်

ထိုတံတားမှာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းယူသွတ်သွင်းပြီးနောက် သမ္မတပူတင်၏ အမိန့်အရ ဆောက်လုပ်ခဲ့သော တံတားဖြစ်သည်။ 

ယူကရိန်းအစိုးရကမူ ပေါက်ကွဲမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပေ။

ယူကရိန်းအစိုးရသည် အစဉ်အလာအားဖြင့် ခရိုင်းမီးယားနှင့် ရုရှားတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှု သတင်းများ အပေါ် မှတ်ချက်ပေးလေ့ မရှိခဲ့ပေ။

သို့သော်လည်း ထိုတံတားကို တရားမဝင် တည်ဆောက်ထားသည်ဟု ယူကရိန်းဘက် ယူဆထားသလို ရုရှားက စစ်လက်နက်ပစ္စည်း ထောက်ပို့လမ်းကြောင်းအဖြစ် သုံးနေသောကြောင့် ပစ်မှတ်တစ်ခုတော့ ဖြစ်သည်ဟု လက်ခံ ထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက တံတားသည် ကြီးကြီးမားမား တိုက်ခိုက်ခံထားပြီး ရုရှားဘက် ပြန်လည် ပြုပြင် ခဲ့ရသည်။

ခရိုင်းမီးယားတံတား ဖောက်ကွဲခံရစဉ်

ရုရှားက ပင်လယ်နက် ဂျုံစေ့ပို့ကုန် သဘောတူညီချက်ကို ဆိုင်းငံ့လိုက်သည့်အတွက် ကမ္ဘာနှင့်အဝန်း အထူးသဖြင့် အဆင်းရဲဆုံး နိုင်ငံများတွင် စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာနိုင်သည်။ 

ယူကရိန်းနှင့် ရုရှားတို့မှာ ကမ္ဘာပေါ်တွင် ဂျုံစေ့နှင့် အစားအသောက်ပစ္စည်း အများဆုံး တင်ပို့နေသည့် နိုင်ငံများပင် ဖြစ်သည်။ 

ဂျုံစေ့ သဘောတူညီချက်မှာ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ယမန်နှစ်က ကုလနှင့် တူရကီတို့က ကမကထပြု၍ အကောင်အထည် ဖော်ခဲ့ခြင်းပင်ဖြစ်သည်။

ထို့နောက် ယူကရိန်းဆိပ်ကမ်းများကို ရုရှားက တစ်ဖတ်သက် ပိတ်ဆို့လာသည့်အခါ ယူကရိန်းသင်္ဘောများကို တူရကီတွင် အစစ်ဆေးခံပြီး ပင်လယ်နက်ကို ဖြတ်သန်းခွင့် ပြုထားသည်။ 

Source: ရိုက်တာ