CNI International News

ဂူဝါဟာတီ၊ ဇူလိုင် ၄

အတွင်းပိုင်းပဋိပက္ခများကြောင့် မြန်မာပြည်တွင် အခြေစိုက်သည့် NSCN-K အဖွဲ့အတွင်းမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အန်းမိုင် ဦးအောင်သည့် အုပ်စုနှင့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယုံးအောင် ဦးဆောင်သော အုပ်စုဟူ၍ ကွဲထွက်လာခဲ့ကြောင်း အိန္ဒိယအခြေစိုက် NORTHEAST NOW မှ ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ကွဲထွက်သွားသည့် အုပ်စုနှစ်ခုတွင် ဗိုလ်ချုပ်ကြီး အန်းမိုင်(Ang Mai)က Tangshang ဒေသမှ အဖွဲ့သစ်ကို တာဝန်ယူသွားမည် ဖြစ်သည်။

အန်းမိုင်သည် NSCN-K ဥက္ကဋ္ဌဖြစ်သူ ကွယ်လွန်သူ အက်စ်အက်စ်ကပ္ပလန်(SS Khaplang)၏ ကိုယ်ရေးအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သူဟု သတင်းအရင်းအမြစ်များက ပြောသည်။ ယုံးအောင်သည် ကွယ်လွန်သူ NSCN-K ဥက္ကဋ္ဌ အက်စ်အက်စ်ကပ္ပလန်၏ တူဖြစ်သည်။

ထို့နောက် အန်းမိုင်သည် ပြည်ထဲရေးဝန်ကြီးရာထူးအပြင် တခြားသော စစ်ဘက်ရာထူးများကဲ့သို့ ကွဲပြားသည့် တာဝန်အမျိုးမျိုးကို တာဝန်ယူခဲ့သည်။ ထိုသို့ အတွေ့အကြုံရှိသော အန်းမိုင်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် အရေးပေါ် အစည်းအဝေးတစ်ခုတွင် NSCN-K ၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်ဟု အဖွဲ့သစ်(အန်းမိုင် ဦးဆောင်သည့် အဖွဲ့)မှ ထုတ်ပြန် ကြေညာခဲ့သည်။

ကွယ်လွန်သူ ခေါင်းဆောင်ကြီး SS Khaplang ကိုတွေ့ရစဉ်

အန်းမိုင်သည် နောင်အချိန်များတွင် ကွယ်လွန်သူ ခေါင်းဆောင်ကြီး SS Khaplang ကဲ့သို့ ဦးဆောင်မှု ပေးနိုင်လိမ့် မည်ဟု GSO-I (D) နာဂစစ်တပ်မှ Langnyei Konyak က ကြေညာချက် တစ်စောင်တွင် အလေးပေး ပြောခဲ့သည်။

နာဂစစ်တပ်၏ အစိုးရပိုင်းတွင် အခြေအနေ ဆိုးရွားလာမှု၊ အုပ်ချုပ်ရေး ညံ့ဖျင်းလာမှုတို့ကြောင့် ၎င်း၏ ဦးဆောင်မှု အတွင်း နာဂစစ်တပ် တပ်မှူးများ အားလုံးကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက်တွင် တွေ့ဆုံရန် အကြောင်းကြားစာ ပေးပို့ခဲ့ သည်ဟု Langnyei က ထပ်မံရှင်းပြသည်။ 

သို့သော် NSCN-K ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယုံးအောင်သည် ထိုအစည်းအဝေးကို ဝေဖန်ခဲ့သလို ယင်းကို အုပ်စုကွဲစေရန် စုဝေးမှုဟု ခေါင်းစဉ်တပ်ခဲ့၍ နာဂစစ်တပ်အရာရှိ တချို့အား အစည်းအဝေး မတက်စေရန် တားမြစ်ခဲ့သည်။ 

ယုံးအောင်(Yung Aung)၏ လုပ်ရပ်အပေါ် တုံ့ပြန်မှုအဖြစ် ဧပြီ ၁၀ ရက်နေ့ အစည်းအဝေးအတွင်း နာဂစစ်တပ် သည် ယုံးအောင်ကို ပါတီခေါင်းဆောင်ပိုင်းမှ ထုတ်ပယ်ခဲ့သည်ဟု Langnyei က ပြောသည်။ 

 ခွဲထွက်သွားတဲ့ NSCN-K မှ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီကီဆူမီကိုတွေ့ရစဉ်

NSCN/GPRN ၏ ဖွဲ့စည်းပုံအခြေခံကို တိုက်ရိုက် ချိုးဖောက်မှုဖြစ်သော ယုံးအောင်၏ အမျိုးသားရေးနှင့် ပါတီ ဆန့်ကျင်ရေး လုပ်ရပ်များကြောင့် ထိုသို့ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။ 

ထို့ကြောင့် ဧပြီ ၁၀ ရက်မှ စတင်ကာ နာဂစစ်တပ်သည် NSCN/GPRN အစိုးရအုပ်ချုပ်ရေးပိုင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်အထိ လွှဲပြောင်းရယူခဲ့သည်ဟုလည်း Langnyei က ပြောသည်။

NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့်အတွက် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K ၏ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ဖြုတ်ချခံလိုက်ရပြီး ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

ထို့နောက် ဦးယုံးအောင် ဦးဆောင်သော အုပ်စုနှင့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင်သော အုပ်စုကြား ငြိမ်းချမ်း ရေးဆွေးနွေးရန် သဘောထားကွဲလွဲကာ နှစ်ခြမ်းကွဲသွား၍ နီကီဆူမီက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ NSCN-K/NK ဆိုသော အမည်ကို သုံးကာ ဦးယုံးအောင်က NSCN-K/YA ဟု အတိုကောက် ခေါ်ဝေါ်ကြသည်။

ယခုအခါမှာတော့ ဦးယုံးအောင်ဘက်က ရပ်တည်ပေးခဲ့သူ NSCN-K/YA ၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး အန်းမိုင်နှင့် သဘောထားကွဲကာ နောက်ထပ် ကွဲထွက်လာခြင်း ဖြစ်သည်။

Source:  NORTHEAST NOW