CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉
အင်္ဂလန်အသင်းရဲ့အဓိက ကွင်းလယ်လူ ဒီကလန်ရိုက်စ်ဟာ DR ကွန်ဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလား ၃၂ သင်း အဆင့်ပွဲမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ဖွယ်ရှိနေပါတယ်။
ဂါနာအသင်းနဲ့ပွဲမှာ ခြေသလုံးဒဏ်ရာ ရခဲ့တဲ့ ဒီကလန်ရိုက်စ်ဟာ အင်္ဂလန်အသင်းက ပနားမားအသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲမှာ အနားပေးခြင်း ခံခဲ့ရတာပါ။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ဒီပွဲမှာ အယ်လီးယော့အန်ဒါဆန်နဲ့ ဘယ်လင်ဂမ်တို့ကို ကွင်းလယ်မှာ တွဲဖက်ပြီး အသုံးပြုသွားခဲ့ပါတယ်။
တူချယ်လ်ကတော့ DR ကွန်ဂိုအသင်းနဲ့ပွဲမှာ ဒီကလန်ရိုက်စ် အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပြန်လည် ပါဝင်နိုင်မယ်လို့ အကောင်းမြင်မှုတွေ ရှိနေပါတယ်။

နည်းပြ တူချယ်လ်ကို တွေ့ရစဉ်
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ နောက်ခံလူတွေဖြစ်တဲ့ ရီးစ်ဂျိမ်းစ်နဲ့ ကွမ်ဆာတို့ရဲ့ဒဏ်ရာအတွက် စိုးရိမ်နေပြီး ညာနောက်ခံလူ နေရာမှာ အသုံးပြုဖို့ ရွေးချယ်စရာ မရှိသလောက် ဖြစ်သွားခဲ့တာပါ။
ရီးစ်ဂျိမ်းစ်ဟာ ဂါနာအသင်းနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ပနားမားအသင်းနဲ့ပွဲကို လွဲချော်ခဲ့ပြီး ကွမ်ဆာက ပနားမားအသင်းနဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းရဲ့ ညာနောက်ခံလူ တစ်ဦးဖြစ်တဲ့ လီဗရာမန်တိုဟာ ခြေသလုံးဒဏ်ရာ ရခဲ့တဲ့အတွက် ပြိုင်ပွဲ မစတင်မီမှာ လူစာရင်းကနေ ထွက်ခွာခဲ့တာပါ။
ပနားမားအသင်းနဲ့ပွဲမှာ ကွမ်ဆာရဲ့ နေရာ အစားထိုး ဝင်ရောက်ခဲ့ရတဲ့ စပန့်ဟာ DR ကွန်ဂိုအသင်းနဲ့ပွဲမှာ ညာနောက်ခံလူ နေရာ ပွဲထွက်လာနိုင်ပါတယ်။
နည်းပြတူချယ်လ်ဟာ ဗဟိုနောက်ခံလူ ခွန်ဆာကို ညာနောက်ခံနေရာမှာ ကစားဖို့ ရွေးချယ်နိုင်တယ်လို့လည်း သိရပါတယ်။
Source: BBC
