CNI International News
ဘေဂျင်း၊ ဇူလိုင် ၂၈
တရုတ်နိုင်ငံ၏ ဝေဟင်နိမ့် စီးပွားရေးလုပ်ငန်းတွင် ဒရုန်းထုတ်လုပ်သူများကို အတတ်ပညာရှင်အဖြစ် အစိုးရက တရားဝင် အသိအမှတ်ပြုခဲ့ပြီး ထိုစီးပွားရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အား တစ်ခု ဖြစ်လာခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ဝေဟင်နိမ့် စီးပွားရေးလုပ်ငန်း (low-altitude economy) သည် ဝေဟင်နိမ့် လေပိုင်နက်ပေါ် အမှီပြုထားသော စီးပွားရေးပုံစံ တစ်ခုဖြစ်သည်။
၎င်းတွင် ဝေဟင်နိမ့် ပျံသန်းမှု၊ လေကြောင်း ခရီးသွားလုပ်ငန်း၊ ခရီးသည် သယ်ယူပို့ဆောင်ရေး၊ အထွေထွေ လေကြောင်း ဝန်ဆောင်မှုများ၊ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနနှင့် ပညာရေးတို့အပြင် အခြားကဏ္ဍများလည်း ပါဝင်သည်။
ဒရုန်းထုတ်လုပ်သူများကို အတတ်ပညာရှင်အဖြစ် အသိအမှတ်ပြု ခဲ့ခြင်းသည် တရုတ်၏ လူသားအရင်းအမြစ်နှင့် လူမှုလုံခြုံရေးဝန်ကြီးဌာနက အသစ်ကြေညာခဲ့သည့် ရာထူးနေရာ ၁၇ မျိုးထဲတွင် တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်း မန်နေဂျာ၊ သက်ကြီးပုဂ္ဂိုလ်များကို ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှုပေး သူများကဲ့သို့ ရာထူးနေရာများနှင့် တစ်တန်းတည်း ဖြစ်လာခဲ့သည်။
ဒရုန်းပရိုဂမ်ပညာရှင်များကိုတွေ့ရစဉ်
အတတ်ပညာရှင်အဖြစ် အသိအမှတ်ပြု ထားသူများသည် ဒရုန်းများအတွက် ဆော့ဖ်ဝဲများ ရေးဆွဲသူများ၊ မစ်ရှင် များနှင့် ဒရုန်းပျံသန်းရေး အစီအစဉ်များ၊ လုပ်ငန်းကို စီမံခန့်ခွဲသူများ ပါဝင်သည်ဟု လူသားအရင်းအမြစ်နှင့် လူမှု လုံခြုံရေးဝန်ကြီးဌာန၏ အသက်မွေးမှု လုပ်နိုင်စွမ်း ထူထောင်ရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဝမ်ရှောင်းကျွန်း (Wang Xiaojun) က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် သိပ္ပံနှင့်နည်းပညာ နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။
ထိုကဲ့သို့ အတတ်ပညာရှင်အဖြစ် အသိအမှတ်ပြုခြင်းသည် နည်းပညာ ပါရမီရှင်များနှင့် ဖန်တီးကြံဆနိုင်စွမ်း ရှိသည့် လူငယ်များကို ဆွဲဆောင်ရာရောက်ကြောင်း ဝမ်က ပြောသည်။
တရုတ်နိုင်ငံသည် မကြာသေးမီ နှစ်များစွာအတွင်း ဝေဟင်နိမ့် စီးပွားရေးလုပ်ငန်း၌ နည်းပညာနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ လျင်မြန်သော တိုးတက်မှုကို မျက်မြင်တွေ့ရှိခဲ့သလို နိုင်ငံတစ်ခွင် ကောင်းကင်ယံအောက် မီတာ ၁,၀၀၀ လေထုကြား အလုပ်အကိုင်များ များပြားသည့် ဇုန်တစ်ခုဖြစ်လာခဲ့သည်။
Source: South China Morning Post