CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၁၁
တောင်ကိုရီးယားလွှတ်တော်အမတ်များက သမ္မတယွန်းဆော့ရွဲ(Yoon Suk Yeol) ၏ အငြင်းပွားဖွယ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် အထူးတရားရုံးချုပ် ရှေ့နေတစ်ဦး ခန့်အပ်ရေး ဥပဒေမူကြမ်းကို ဒီဇင်ဘာ ၁၀ ရက်က အတည်ပြုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့ပြင် အစိုးရရှေ့နေများကလည်း ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွမ် (Kim Yong Hyun) အား စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုတွင် သမ္မတယွန်းနှင့် ပူးပေါင်းကြံစည်ခဲ့သည့် စွဲချက်ဖြင့် တရားဝင် ဖမ်းဆီးခွင့် ရရှိရန် ကြိုးပမ်းလျက်ရှိသည်။
ယွန်းသည် ဒီဇင်ဘာ ၃ ရက် ညပိုင်းက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သော်လည်း နာရီပိုင်း အကြာမှာပင် လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့သည်။
ထို့နောက် ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပြီး ၆ နာရီအကြာ ဒီဇင်ဘာ ၄ ရက် နံနက် အစောပိုင်းတွင် ထိုအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
သမ္မတယွန်းဆော့ရွဲကို တွေ့ရစဉ်
ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုကို နိုင်ငံတစ်ဝန်းတွင် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ကာ ယွန်းနှင့် ၎င်း၏ အပေါင်းပါများသည် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ၊ စွပ်စွဲပြစ်တင်မှု အားထုတ် ကြိုးပမ်းမှုများနှင့် ရင်ဆိုင်နေရသည်။
တရားရေးဝန်ကြီးဌာနကလည်း ယွန်းနှင့် တာဝန်ရှိသူ ၈ ဦးကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခဲ့သည်။
ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံခဲ့ရသူများထဲတွင် ကိုရီးယားအမျိုးသားရဲတပ်ဖွဲ့ အေဂျင်စီ၏ အကြီးအကဲ ချိုဂျီဟို (Cho Ji-ho) နှင့် အခြားထိပ်သီး ရဲအရာရှိနှစ်ဦး ပါဝင်ခဲ့သည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ပြည်ထဲရေးဝန်ကြီး၊ စစ်အုပ်ချုပ်ရေးအမိန့် တပ်မှူး ဗိုလ်ချုပ်ကြီး ပါ့ခ်အန်ဆူ (Park An-su) နှင့် ကာကွယ်ရေး တန်ပြန်ထောက်လှမ်းရေးတပ်မှူး ယိုအင်ဟွန် (Yeo In-hyung) တို့လည်း ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံခဲ့ရသည်။
လက်ရှိတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် ကာကွယ်ရေးဝန်ကြီးဟောင်းကို တရားဝင် ဖမ်းဆီးမိန့် ထုတ်ပြန် ပေးရန် အစိုးရရှေ့နေများ၏ တောင်းဆိုချက်ကို ဆိုးလ်ခရိုင်တရားရုံးက လေ့လာသုံးသပ်နေသည်။
Source: ရိုက်တာ