CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃

မြန်မာနိုင်ငံတွင် အစိုးရ၏ NSPNC သည် SSPP နှင့် SNA ဆိုသည့် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အား တွေ့ဆုံဆွေးနွေးခဲ့ ခြင်းသည် မည်သည့် အရွေ့တစ်ခုကို သွားနိုင်သလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက စောင့် ကြည့်လာခဲ့ကြသည်။ 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)သည် ရှမ်းနီအမျိုး သားများတပ်မတော်(SNA)ကို အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပထမဦးဆုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့နောက် ဇွန်လ ၁၂ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ကို ဆက်လက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ 

ယခုကဲ့သို့ ရှမ်းတပ်မတော်များနှင့် တွေ့ဆုံမှုသည် မြန်မာ့တပ်မတော်က KIA ကို ထိန်းချုပ်ရန်အတွက် ဖြစ်နိုင် သည်ဟု သုံးသပ်မှုများ ရှိသော်လည်း ယခုတွေ့ဆုံမှုသည် နယ်မြေတည်ငြိမ်ရေးနှင့် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရရှိရေးအတွက်သာ ဖြစ်သည်ဟု ရှမ်းနီပါတီနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)မှ ကိုယ်စားလှယ်များကို တွေ့ရစဉ်

တွေ့ဆုံမှုအတွင်း ရှမ်းနီလူမျိုး တရားဝင် ရရှိရေး အပြင် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးနှင့် ပတ်သက်ပြီး SNA နှင့် ဆွေးနွေးခဲ့ကြကြောင်း၊ တခြားသော လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မပူးပေါင်းရေး၊ ကျားဖြန့်ကိစ္စနှင့် နယ်မြေတည်ငြိမ်ရေး ကိစ္စများကို SSPP နှင့် ဆွေးနွေးခဲ့ကြကြောင်း၊ ထိုတွေ့ဆုံမှုသည် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းသည့် အခြေအနေ ဖြစ်သည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ SNA နဲ့တွေ့တဲ့ အပိုင်းကတော့ ကျနော်တို့ သုံးသပ်ကြည့်တာတော့ အဓိကတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအထိကိုတော့ ရောက်လာလိမ့်မယ်လို့ မြင်တယ်။ NCA ထိုးတဲ့အဆင့်အထိတော့ လက်ခံမယ်၊ လက်မခံဘူးဆိုတာတော့ လက်မခံတဲ့ဘက်က များလေလေလို့ မြင်ပါတယ်။ နောက် SSPP ကဏ္ဍမှာလည်း အခု ကိစ္စကတော့ သူတို့ဆွေးနွေးတဲ့ကိစ္စကို ကြည့်ခြင်းအားဖြင့် နယ်မြေတည်ငြိမ်ရေးကိစ္စကိုပဲ အဓိကထား ဆွေးနွေး တာကို တွေ့ရပါတယ်။ ကျားဖြန့်ကိစ္စတို့၊ နောက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မပူးပေါင်းဖို့ဆိုတဲ့ ကဏ္ဍမျိုး တွေ၊ နောက် SSPP က ပြန်ပြောတာတော့ စ-စ်ပွဲ မဖြစ်ဘဲနဲ့ ငြိမ်းချမ်းရေးနဲ့ ဖြေရှင်းဆိုတဲ့ကဏ္ဍမျိုးတွေ ဆွေးနွေး တဲ့ အခါကျတော့ ငြိမ်းချမ်းရေးအတွက် ကောင်းပါတယ်။ အမျိုးသားရေးကဏ္ဍ အတွက်ကတော့ SSPP နဲ့ ဆွေးနွေး တဲ့အခါမှာ မပါတာ တွေ့ရှိရတဲ့အတွက် နိုင်ငံတော်က ဘယ်လိုပုံစံ သွားချင်လဲဆိုတာ ကျနော်တို့က ပြောလို့တော့ မရဘူးပေါ့ဗျာ။ အခု ငြိမ်းချမ်းရေးအတွက်ကို အဓိကထား ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒေသ အတွက်ကတော့ တော်တော်လေး ကောင်းတယ်လို့ ပြောလို့ရပါတယ်။ SNA နဲ့ SSPP နဲ့ကတော့ မတူပါဘူး။ SNA ကျတော့ သူခံယူထားတဲ့ ရှမ်းနီလူမျိုးအတွက် အမျိုးသားတပ်မတော်ရှိတယ်၊ ရှမ်းနီလူမျိုး နာမည်ကလည်း ကျနော်တို့ နိုင်ငံတော်မှာ တရားဝင် မရှိသေးတဲ့ အခါကျတော့ ရှမ်းနီကို တရားဝင်ဖြစ်အောင် လုပ်ရမယ်။ တရားဝင် ဖြစ်လာပြီဆိုရင်တော့ သူ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပေးဖို့တော့ စဉ်းစားကောင်း စဉ်းစားနိုင်တယ်လို့ ကျနော့်အနေနဲ့ မြင်တယ်” ဟု ပြောသည်။

လက်ရှိ SNA နှင့် ရှမ်းနီတိုင်းရင်းသားများ တောင်းဆိုနေသည့် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် သမိုင်း ကြောင်းအရ ရှမ်းနီဒေသများ ဖြစ်သည့်အတွက် ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရန် ထိုက်တန်ကြောင်း၊ လက်ရှိတွင် ရှမ်းနီတိုင်းရင်းသားများသည် KIA ၏ အနိုင်ကျင့် နှိပ်စက်မှုကို ခံနေကြရသည့်အတွက် ယခုကဲ့သို့ အစိုးရ အသိ အမှတ်ပြု ရရှိရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ်၊ မြစ်ကြီးနားဒေသခံ ခွန်တူးက CNI သတင်းဌာနသို့ ပြောသည်။

SSPP နဲ့ NSPNC တွေ့ဆုံ ဆွေးနွေးကြစဉ်

၎င်းက “ဒီအရွေ့ကတော့ KIA နဲ့ အရွေ့တော့ မဆိုင်ဘူး။ သူ့လမ်းကြောင်းနဲ့ SNA ကလည်း သူ့ခံယူချက်နဲ့သူ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဘာတို့၊ ပြည်နယ်ရရှိဖို့ ရည်ရွယ်ပြီးတော့ သူကိုင်တာကိုး။ သမိုင်းကြောင်းအရဆိုရင်လည်း KIA က အနိုင်ကျင့်တယ်ဆိုပေမယ့်၊ ပြည်နယ် လိုချင်တယ်ဆိုပေမယ့် သမိုင်းကြောင်းဆိုရင် ဒီဟာတွေက ကျနော် တို့ ရှမ်းနီပြည်နယ်တွေပဲလေ။ မြေတွေပဲလေ သမိုင်းတွေ အားလုံးက အထောက်အထားတွေ၊ မြို့ရွာတွေကအစ၊ ချောင်းတွေ၊ မြောင်းတွေအားလုံး တောတောင်ကအစ အခေါ်အဝေါ်တွေက ကျနော်တို့ ရှမ်းနာမည်ချည်းပဲလေ အခုထက်ထိအောင်ပဲ။ ဆိုတော့ ကျနော်တို့ ပင်လုံစာချုပ်မှာ ချုပ်ဆိုခဲ့တဲ့ အတွက်ကြောင့် ကျနော်တို့က ကချင် ပြည်နယ် သတ်မှတ်လိုက်တဲ့ အတွက်ကြောင့် အခွင့်အရေးတွေ အများကြီး ဆုံးရှုံးသွားတာကိုး။ ဆိုတော့ တစ်ဖက် ကလည်း နှိပ်စက်ညှင်းပန်း၊ အနိုင်ကျင့်ဆိုတော့ ကျနော်တို့က နိုင်ငံတော်က လွတ်လပ်ရေးရပေမယ့် ကျနော်တို့ လူမျိုးတွေက KIA ရဲ့ ခိုင်းဖက်လို အခွန်ဆောင်ပြီး နေရတဲ့ပုံစံ ဖြစ်နေတာကိုး။ အခုဆို အင်းတော်ကြီးဒေသဆိုလို့ ရှိရင် တစ်အိမ်ထောင်ကို ၃ သိန်းတောင်းတယ်။ တစ်ဧကကို စပါးက တင်း ၂၀ တောင်းထားတယ်ကွယ်။ အဲဒါမျိုး တွေဆိုတော့ ကျနော်တို့က အခွန်ဆောင်ပြီးတော့မှ နေရတဲ့ လွတ်လပ်မှု မရှိတဲ့လူမျိုးဖြစ်တယ်။ ဒါကြောင့်မို့လို့ လွတ်လပ်အောင်လည်း အစိုးရက အသိအမှတ်ပြုလာအောင် တောင်းဆိုပြီးတော့ လုပ်တယ်လို့ပဲ ထင်တယ်လေ။ KIA နဲ့တော့ မဆိုင်ပါဘူး” ဟု ပြောသည်။

ရှမ်းနီလူမျိုးများသည် မြန်မာပြည်အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော် ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ လုံးခင်းနဲ့ ဖားကန့်၊ မိုးမောက် စသည့် ဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ခဲ့ကြသည်။

အဆိုပါ ဒေသများကို စုစည်းပြီး ရှမ်းနီပြည်နယ် သို့မဟုတ် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းနိုင်ရန် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၊ ရှမ်းနီနိုင်ငံရေးပါတီများနှင့် ရှမ်းနီပြည်သူလူထုများက ကြိုးပမ်းလျက်ရှိ နေသည်။

ရှမ်းလူမျိုးများကတော့ ရှမ်းလက်နက်ကိုင်များ၊ ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်းလူမျိုးများ အားလုံး ညီညွတ်ရေး တည်ဆောက်ပြီး တိုင်းရင်းသား တန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းသင့်ကြောင်း ရှမ်းနိုင်ငံရေးအသိုင်းအဝန်းက ထောက်ပြကြသည်။