CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆
ထိုင်း-မြန်မာ အဓိက ကုန်စည်စီးဆင်းရာ လမ်းမကြီးပေါ်တွင် ရှိသည့် ကော့ကရိတ်- သင်္ဃန်းညီနောင်- မြဝတီ အာရှလမ်းမကြီး တစ်လျှောက်အား တပ်မတော်က ပြန်လည် ထိန်းချုပ်လိုက်သည်ဟု ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက်၌ ထုတ်ပြန်ခဲ့သည်။
တပ်မတော်သည် ကော့ကရိတ်မှ သင်္ဃန်းညီနောင်သို့ စစ်ကြောင်း ၄ ကြောင်းဖြင့်လည်းကောင်း၊ မြဝတီမှ သင်္ဃန်းညီနောင်သို့ စစ်ကြောင်း ၁ ကြောင်းဖြင့်လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်မှစ၍ စစ်ဆင်ရေး တစ်ရပ်ကို ဖော်ဆောင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆ ရက်တွင် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်မှ ကော့ကရိတ်-သင်္ဃန်းညီနောင်- မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် KNU ၏ မြဝတီမြို့၊ ကော့ကရိတ်မြို့နှင့် ဖားအံမြို့တို့အား သိမ်းပိုက်ကာ သီးခြားလွတ်လပ်သော ကော်သူလေး ပြည်နယ်နှင့် ကော်သူလေးအစိုးရ ထူထောင်ရေး အိပ်မက် အပြီးတိုင်ရိုက်ချိုး ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် PDF များ ပူးပေါင်း၍ သင်္ဃန်းညီနောင်နှင့် မြဝတီ ဒေသရှိ တပ်မတော် စစ်စခန်းများနှင့် ဌာနချုပ်များကို ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်မှ ဧပြီ ၂၈ ရက်ထိ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်။
ထို့နောက် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီး ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော် သည် အောင်ဇေယျာစစ်ဆင်ရေးကို ဖော်ဆောင်၍ တစ်နှစ်ကျော်အကြာမှာ အာရှလမ်းမကြီးအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ဆင်ရေးအတွင်း တပ်မတော်နှင့် KNU-PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲကြီး/ငယ် ၃၈၂ ကြိမ် ဖြစ်ပွားခဲ့ ကြောင်း၊ လက်နက်မျိုးစုံ ၅၇ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။
မြဝတီ-သင်္ဃန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးကို KNU-PDF ထိန်းချုပ်ထားခြင်းကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး အဟန့်အတားများဖြစ်ကာ ကုန်ဈေးနှုန်းများ ကြီးမြင့်မှုဒဏ်ကို ခံစားခဲ့ကြရသည်။