CNI International News

ဘေဂျင်း၊ မေလ ၉

ရန်လိုသော အုပ်စုနှစ်စု ပေါ်ပေါက်လာအောင် တွန်းအားပေးခြင်းဖြင့် အမေရိကန် အာဏာပိုင်များသည် လူသား မျိုးနွယ်များကို ကမ္ဘာစစ်ဆီသို့ တွန်းပို့နေသည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် (Mahathir Mohamad) က ပြောကြောင်း တာ့စ်သတင်းမှ ရေးသား ဖော်ပြခဲ့သည်။

အမေရိကန်အနေဖြင့် ရုရှားဆန့်ကျင်ရေးတွင် တခြားနိုင်ငံများ ပူပေါင်းလာအောင် ကြိုးစားမည်ဖြစ်ကာ ရုရှား ကလည်း အပြန်အလှန်အနေဖြင့် ၎င်း(ရုရှား)ကို ထောက်ပံ့ပေးမည့် မိတ်ဖက်နိုင်ငံကို ရှာဖွေလိမ့်မည်ဟု အသက် ၉၇ နှစ်အွယ် မဟာသီယာက The Global Times သတင်းနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

ထို့ကြောင့် အနောက်အုပ်စုနှင့် အရှေ့အုပ်စုကြား ထိပ်တိုက်တွေ့ဆုံမှု ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ထိုအခြေ အနေကနေ တစ်ဆင့်တက်ကာ ကမ္ဘာစစ်ပင် ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောခဲ့သည်။

  ဘိုင်ဒန်နဲ့ ပူတင်ကိုတွေ့ရစဉ်

အနောက်အုပ်စု၏ ရန်စမှုကြောင့် စတင်ခဲ့သော ယူကရိန်းပဋိပက္ခသည် တစ်ကမ္ဘာလုံးကို ထိခိုက်စေလျက် ရှိသည် ဟု မလေးရှားဝန်ကြီးချုပ်ဟောင်းက ပြောသည်။

ရှုပ်ထွေးသော အခြေအနေက ကမ္ဘာတစ်ဝန်းလုံးတွင် မရှိမဖြစ်လိုအပ်သော ကုန်စည်များအတွက် အသုံးစရိတ်ကို မြင့်တက်စေသည်ဟုလည်း ၎င်းက ပြောသည်။

ယူကရိန်းအား နေတိုးအဖွဲ့နှင့် ပူးပေါင်းရန် ဖိတ်ခေါ်မှုသည် ရန်စမှုပင် ဖြစ်ကြောင်း၊ အမှန်တကယ်တွင် ယူကရိန်း အနေဖြင့် နေတိုးအဖွဲ့သို့ မပူးပေါင်းလျှင် ရုရှားအနေဖြင့် ခြိမ်းခြောက် ခံနေရသည်ဟု ခံစားရနိုင်ချေ နည်းမည်ဖြစ် ကာ ထိပ်တိုက်တွေ့ဆုံမှု ရှိမလာနိုင်ကြောင်း မဟာသီယာက ပြောသည်။

နေတိုးနဲ့ ယူကရိန်း ခေါင်းဆောင်ကိုတွေ့ရစဉ်

သို့သော် ထိုသို့သော ဖြစ်စဉ် စတင်ပြီဆိုသည်နှင့် ရုရှားဘက်ကလည်း ကြိုတင်ကာကွယ်ရေး လုပ်ဆောင်မှုများကို ချမှတ် သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ယူကရိန်းသည် နေတိုးအဖွဲ့ဝင် မဟုတ်ခြင်းကြောင့် နေတိုးအဖွဲ့ဝင် နိုင်ငံများသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် တိုက်ရိုက် ပါဝင်ပတ်သက်မှု မရှိကြောင်း ထောက်ပြသော်လည်း ရုရှားနှင့် မတင်မကျ အခြေအနေက နေတိုး အဖွဲ့ဝင် နိုင်ငံတိုင်းကို ကြီးကြီးမားမား ထိခိုက်စေသည်ဟု ဝန်ကြီးချုပ်ဟောင်းက မှတ်ချက်ပြုသည်။

အဆုံးတွင် ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် ပြေလည်မှုကို ရှာဖွေသွားမည်ဖြစ်ကြောင်း၊ အပြန်အလှန် တွေ့ဆုံ၊ ဆွေးနွေး ညှိနှိုင်းခြင်းက ပိုကောင်းသည့် နည်းလမ်းဖြစ်ကြောင်းလည်း မလေးရှားဝန်ကြီးချုပ်ဟောင်းမှ မှတ်ချက် ပေးခဲ့သည်။

Source: တာ့စ်